နေပြည်တော်အဝင်တွင် ဖမ်းဆီးခံလိုက်ရသော စစ်ကိုင်း အလုပ်သမားသပိတ်စစ်ကြောင်းမှ ပါဝင်သူများကို ဥပဒေနှင့်အညီ စိစစ်အရေးယူသွားမည်ဖြစ်သော်လည်း တချို့ကို ပြန်လည် လွှတ်ပေးဖွယ်ရှိကြောင်း နေပြည်တော် တပ်ကုန်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရည်မွန်က ပြောသည်။
ယနေ့ ဖမ်းဆီးခံရသူ ၇၆ ဦးအနက် ဦးဆောင်သူအားလုံးကို ဥပဒေနှင့် အညီအရေးယူမည် ဖြစ်သော်လည်း ကျန်းမာရေး မကောင်းသူ၊ အသက်အရွယ်ကြီးရင့်သူနှင့် အမျိုးသမီးများကိုမူ ပြန်လွှတ်ပေးဖွယ်ရှိကြောင်း သိရသည်။
“ပြန်လွှတ်တာကတော့ လူကြီးတွေရဲ့ မေတ္တာ၊ စေတနာကြောင့်ပါ။ တချို့ကို အိမ်အထိ ပြန်ပို့ပေးမှာပါ။ ကျန်သူတွေကိုတော့ ဥပဒေနဲ့ အညီ စိစစ်အရေးယူမှာပါ။ ဘယ်လိုပုဒ်မတွေ တပ်မလဲဆိုတာကတော့ ဆွေးနွေးနေပါပြီ”ဟု ဦးရည်မွန်က ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ကျန်းမာရေး မကောင်းသူ အလုပ်သမား ၃ ဦးကို ဆေးရုံသို့ ပို့ထားပြီး အလုပ်သမား ဆေးရုံစောင့် ၄ ဦး စုစုပေါင်း ၇ ဦး ဆေးရုံတွင် ရှိကြောင်းလည်း သိရသည်။
အလုပ်ရှင် အလုပ်သမား ပြဿ နာကြောင့် စစ်ကိုင်းမြို့မှ နေပြည်တော်သို့ လမ်းလျှောက် ထွက်ခွာလာသည့် အလုပ်သမား သပိတ် စစ်ကြောင်းသည် ၂၀ ရက်မြောက်နေ့ဖြစ်သည့် မေလ ၁၈ ရက်နေ့ နေပြည်တော်အဝင် တပ်ကုန်းမြို့နယ်တွင် ရဲတပ်ဖွဲ့ က ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည်စက်ရုံမှ အလုပ်သမား ၁၀၀ ခန့်သည် အလုပ် သမား အခွင့်အရေးများ ရရှိရန် စက်ရုံ ပိုင်ရှင်များနှင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ဧပြီလအကုန်အထိ အစိုးရ အလုပ် သမား ဦးစီးဌာန၏ ညှိနှိုင်းမှုဖြင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရရှိဘဲ ယခုလို လမ်းလေ ျှာက် ချီတက် လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။