အပူပိုင်း မိုးသစ်တောများ ကာကွယ်ထိန်းသိမ်းရန် တနင်္သာရီတိုင်းဒေသကြီးရှိ ဆီအုန်းစိုက်ပျိုးမှုများ ရပ်ဆိုင်းရန် နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (Fauna & Flora International – FFI) က အစိုးရသစ်အား မေလ ၁၆ ရက်တွင် တောင်းဆိုလိုက်သည်။
ယခင် စစ်အစိုးရလက်ထက်က ၁၉၉၉ ခုနှစ်တွင် တနင်္သာရီတိုင်းအတွင်း ဆီအုန်းလုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး ဆောင်ရွက်ခဲ့သည့် အကျိုးဆက်ကြောင့် လူမှုရေးရာ၊ သဘာ၀ ပတ်ဝန်းကျင်ရေးရာနှင့် စီးပွားရေးဆိုင်ရာ အခက်အခဲများကို ဒေသခံများက ရင်ဆိုင်ခဲ့ရရုံသာမက ရေရှည် အကျိုးမဖြစ်ထွန်းသည့် ဆီအုန်းလုပ်ငန်းသာ ဖြစ်စေခဲ့သည်ဟု FFI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
FFI ၏ မြန်မာနိုင်ငံ အစီအစဉ် ဒါရိုက်တာ Frank Momberg က “လက်ရှိမှာ ဆီအုန်းစိုက်ပျိုးမှုအတွက် အရေးကြီး တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တဲ့ သဘာ၀ သစ်တောကြီးတွေကို ခုတ်လှဲရှင်းလင်းနေတယ်။ ကုမ္ပဏီ အများစုကလည်း သူတို့ရဲ့ မြေနေရာနယ်နိမိတ်ကို ကျော်လွန်ပြီးတော့မှ သစ်တောတွေကို ရှင်းလင်းနေတာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က မြန်မာအစိုးရသစ်ကို ဆီအုန်းပင် စိုက်ပျိုးမှုတွေ ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် မူဝါဒ ချမှတ်ခြင်းတွေကို သေချာအောင် ပြုလုပ်ပြီးတဲ့အထိ စိုက်ပျိုးမှုကို လုံးဝရပ်ဆိုင်းမယ့် ကြေညာချက်တစောင် ထုတ်ပြန်ဖို့အတွက် တောင်းဆိုရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
“မြန်မာ့ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်းများ – ဆီအုန်းထုတ်လုပ်မှုနှင့် ရေရှည်တည်တံမှု သုံးသပ်ချက်” အစီရင်ခံစာကို ၂၀၁၆ ဇန်နဝါရီလက FFI ၏ ဆီအုန်းစိုက်ပျိုးမှုဆိုင်ရာ အလွတ်တန်း အကြံပေး John Patrick Baskeet က မြန်မာနိုင်ငံရှိ ဆီအုန်းစိုက်ပျိုးမှု အကြီးဆုံးပြုလုပ်နေသည့် ဆီအုန်းကုမ္ပဏီ ၁၂ ခုသို့ သွားရောက်လေ့လာ ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုအစီရင်ခံစာအရ ဒေသခံပြည်သူများ၏ မြေယာပိုင်ဆိုင်မှု၊ သဘာဝသစ်တောများ ထိန်းသိမ်းမှု၊ ရေအရင်းအမြစ်နှင့် မျိုးသုဉ်းအန္တရာယ် ကျရောက်နေသည့် တောရိုင်းတိရစ္ဆာန် မျိုးစိတ်များ ထိန်းသိမ်းမှုကို ထည့်သွင်းစဉ်းစားမှု မရှိသည့်အပြင် ဆီအုန်းစိုက်ပျိုးရန် သင့်လျော်သည့်မြေ ဟုတ်၊ မဟုတ်ကိုလည်း ထည့်သွင်းစဉ်းစားမှု နည်းခဲ့သည်ကို တွေ့ရှိရကြောင်း ထောက်ပြထားသည်။
အနာဂတ် ဆီအုန်းစိုက်ပျိုးရန်အတွက် သင့်လျော်သော မြေနေရာ (ဖုန်းဆိုးတောများ) ရရှိနိုင်မှု၊ အလားအလာရှိသော ထုတ်ကုန်စွမ်းအား ရရှိနိုင်မှု၊ ဆီအုန်းတင်ပို့မှုနှင့် ပြည်တွင်းထုတ်လုပ်မှု အခြေအနေစသည့် စီးပွားရေး စစ်တမ်းများအပေါ် အခြေခံ၍ ဆီအုန်းစိုက်ပျိုးမှုကို ပြန်လည် သုံးသပ်သင့်သည်ဟု FFI ၏ ထုတ်ပြန်ချက်တွင် အကြံပြုထားသည်။
FFI ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး မြန်မာ့ဆီအုန်းစိုက်ပျိုးမှု ကျွမ်းကျင်ပညာရှင် ဦးဇော်ဝင်းက “ဆီအုန်းစိုက်ပျိုးမှုကြောင့် ပတ်ဝန်းကျင် ပျက်စီးတယ်ဆိုတာ သစ်ပင်ကြောင့် ပျက်စီးတာမဟုတ်ဘဲ လုပ်တဲ့ကိုင်တဲ့ နည်းလမ်းတွေကြောင့်က အဓိကကျပါတယ်။ ဌာနဆိုင်ရာ အကြံပေးချက်တွေအရ ရှောင်သင့်ရှောင်ထိုက်တဲ့ နေရာတွေကို ချန်လှပ်ပြီး စိုက်ပျိုးမယ်ဆိုရင် ရေရှည်မှာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ဆိုတဲ့ ဦးတည်ချက်လေး ရလာမှာပေါ့” ဟု ပြောသည်။
FFI သည် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်ပြီး ရုံးချုပ်မှာ အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ်ရ်မြို့တွင် တည်ရှိကာ ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၄၀ ကျော်တွင် လုပ်ငန်းများ လှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည်။