ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၎င်းတို့ ထံမှ အပြီးသတ် ဆောက်လုပ် ခွင့်ပြုချက် မရရှိသေးဘဲ ဆောက်လုပ်နေသော အထပ်မြင့် အဆောက် အဦးများဆောက်လုပ်ခြင်းကို ဆိုင်းငံ့လိုက်ပြီး ထို အဆောက်အဦးများ အပါအဝင် အဆိုပြုထားသည့် အထပ်မြင့် အဆောက်အဦး စီမံကိန်းများကို စစ်ဆေးမည့် အဖွဲ့သစ်တခု ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။
ထိုသို့ဆောင်ရွက်လိုက်ခြင်းက စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာကာ အလျှင်အမြန် တိုးချဲ့လာနေသည့် မြို့တော်တွင် ဥပဒေအရ မဟုတ်ဘဲ ခွင့်ြ့ပုပေးနေသည့် ဆောက်လုပ်ခွင့်ဆိုင်ရာ ပါမစ်များ၏ အရှုပ်တော်ပုံကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။
ဆိုင်းငံ့ကြောင်း ကြေညာချက်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC) က မေလ ၁၄ ရက်နေ့တွင် ထုတ် ပြန်ကြေညာခဲ့ပြီး အထပ်မြင့်အဆောက်အဦးစီမံကိန်းများ သတ်မှတ်ချက်နှင့်ညီမညီ ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ လုပ်ငန်း ပြန်လည်စတင်ရန် ခွင့်ပြုလိမ့်မည်ဟု ဖော်ပြခဲ့သည်။
မြိုပြ အင်္ဂါရပ် ဖွံဖြိုးမှုနှင့် ကိုက်ညီစေရန် ပိုမို စနစ်ကျရေးအတွက် သင့်တော်သည့် မြို့ပြဖွံ့ဖြိုးရေးဖြစ်စေရန် ပူးပေါင်း ညှိနိုင်းဆောင်ရွက်ရေးအဖွဲ့က အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဟုလည်း ကြေညာချက်ကဆိုသည်။
အဆိပါ စစ်ဆေးရေးအဖွဲ့ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းပေးမည် ဖြစ်ကြောင်း YCDC ၏ အထပ်မြင့် အဆောက်အဦးများ စစ်ဆေးရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းဝင်း ကပြောသည်။
၁၉၉၀ နှစ်များအတွင်း စတင် တည်ထောင်ခဲ့သော YCDC သည် မူလသဘောအရ အစိုးရ အပေါ် မှီခိုခြင်းမရှိသည့် အဖွဲ့အစည်းတခု ဖြစ်ပြီး အခွန်ကောက်ခံခြင်း၊ ဝင်ကြေးများနှင့် လိုင်စင်များမှတဆင့် ကိုယ်ပိုင် ဘဏ္ဍာငွေများ ရှာဖွေသည်။ သို့သော်လည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် YCDC ဥက္ကဌဖြစ်သည့် မြို့တော်ဝန်တို့ကို မြန်မာနိုင်ငံ၏ သမ္မတက ခန့်အပ် ခြင်း ဖြစ်သည့်အတွက် လက်တွေ့တွင် YCDC ၏ လွတ်လပ်မှုက အကန့်အသတ်ရှိနေသည်။
YCDC ကော်မတီဝင်နေရာများကို ဖြည့်ဆည်းပေးမည့် ရွေးကောက်ပွဲများ ပြုလုပ်ရေးကိုလည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေ့ဆိုင်းခဲ့သည်။ ထိုသို့ ရွှေ့ဆိုင်းခဲ့ခြင်းမှာ ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ရန်နှင့် အိမ်ထောင်ဦးစီးများသာ မဲပေးနိုင်သည့် စနစ်ကို တိုးချဲ့ရန် ဖြစ်သည်ဟု သူက ယခုလ အစောပိုင်းတွင် တရားဝင် ပြောကြားခဲ့သည်။
ယခင် ရန်ကုန်တိုင်း အစိုးရနှင့် YCDC က ၂၀၁၃ ခုနှစ်မှ ယခုနှစ် မတ်လ ၃၁ ရက်နေ့ အတွင်းတွင် အထပ်မြင့် (၉ထပ်နှင့် အထက်) အဆောက်အဦး ၂၀၄ ခုတည်ဆောက်ရန် မူအားဖြင့် ခွင့်ပြုချက်များ ထုတ်ပေးခဲ့သည်ဟု YCDC ၏ အဆိုအရ သိရသည်။
၉ ထပ်မှ ၁၂ ထပ်ခွဲ အထိ YCDC က ခွင့်ပြုချက် ထုတ်ပေးပြီး ၁၃ ထပ်နှင့် အထက် အဆောက် အဦးများကို ရန်ကုန်တိုင်း အစိုးရအဖွဲ့က ထုတ်ပေးသည်.
လုပ်ထုံးလုပ်နည်းများအရ ကနဦး မူအားဖြင့် ခွင့်ပြုချက် ရရှိပြီးသည့် အချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် အင်ဂျင်နီယာဋ္ဌာန (အဆောက်အအုံ) ၏ နောက်ဆုံးခွင့်ပြု ချက် မရမီ ၎င်းတို့တည်ဆောက်မည့် ပုံစံများကို YCDC အင်ဂျင်နီယာဌာ၏ ဌာနခွဲများက စနစ်တကျ စစ်ဆေးနိုင် ရန် တင်ပြပေးရမည် ဖြစ်သည်။
အထပ်မြင့် အဆောက်အဦးများ စစ်ဆေးရေး ကော်မတီအတွင်းရေးမှူး ဦးအောင်ဆန်းဝင်း က မူအားဖြင့် ကနဦးခွင့်ပြုချက်ရရှိထား သည့် အဆောက်အဦး ၂၀၄ လုံးအနက် ၁၀၄ လုံး မှာ တည်ဆောက်နေဆဲ ဖြစ်ပြီး အဆိုပါ ၁၀၄ ခုထဲတွင် ၈၁ ခုက အပြီးသတ် ခွင့်ပြုချက် မရရှိသေးဟု ဆိုသည်။
“အဲဒီ အဆောက်အဦး ၈၁ ခုက ဆိုင်းငံ့လိုက်တဲ့ ကြေညာချက်မှာ အကျုံးဝင်ပါတယ်။”
ရန်ကုန်မြို့သည် စနစ်ကျသော မြို့ပြစီမံကိန်းနှင့် ထိန်းချုပ်မှု မရှိသည့် အန္တရယ်နှင့် ရင်ဆိုင်နေရသည်ဟု အခိုင်အမာပြော ကြားခဲ့သည့် မြို့ပြစီမံကိန်းကျွမ်းကျင်သူများက ဥပဒေမဲ့ မြို့ပြစီမံကိန်းများကို အလျှင်အမြန် အရေးယူဆောင်ရွက်ရန် အစိုးရကို တောင်းဆိုနေသည့် အချိန်တွင် ယခုကဲ့သို့ ဆိုင်းငံ့မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရေရှည်အတွက် ဖြစ်သည့် စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ရန် ကျွမ်းကျင်သူများ ပါဝင်သည့် ကော်မတီတရပ် ဖွဲ့စည်းရန်လည်း သူတို့က တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံက နိုင်ငံရေးနှင့် စီးပွားရေးအရ ပြင်ပကမ္ဘာနှင့် တံခါးဖွင့်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် မြင့်တက်လာသည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် မြန်မာနိုင်ငံတွင် ယခင်က မလုပ်ဆောင်ခဲ့ဖူးသည့် အရွယ်အစား ဖြစ်သော အထပ်မြင့် အဆောက်အဦးများ အပါအဝင် အကြီးစား မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ ပေါ်ပေါက်လာခဲ့သည်။ အထူးသဖြင့် စီးပွားရေး မြို့ တော်ဖြစ်သည့် ရန်ကုန်မြို့တွင် ဖြစ်သည်။ သို့သော်လည်း ဖွံ့ဖြိုးရေး စီမံကိန်း အများစုမှာ ဥပဒေနှင့် အပြည့်အ၀ ကိုက်ညီမှု မရှိဘဲဖြစ်နေသည်။
လက်ရှိဥပဒေ စည်းကမ်းများက အထပ်မြင့် အဆောက်အဦးများနှင့် အံဝင်ခွင်ကျဖြစ်မှု အားနည်းနေသည်။ မြန်မာ Myanmar National Building Code and Zoning Plan အသစ်မှာ ဥပဒေကြမ်း အဖြစ်၌သာ ရှိနေခဲ့သည် မှာ ၂ နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။
ပြီးခဲ့သည့် နှစ်တွင် ယခင် သမ္မတ ဦးသိန်းစိန်က ရန်ကုန်မြို့ရွှေတိဂုံဘုရား အနီးတွင် ဆောက်လုပ်နေသည့် အထပ်မြင့် အ ဆောက်အဦး စီမံကိန်းတခုကို ဖျက်သိမ်းခဲ့သည်။ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ ပါဝင်သည့် အဆင့်မြင့် ကွန်ဒိုမီနီယမ်တခု၊ ကြယ် ၅ ပွင့် ဟိုတယ် တခုနှင့် ဈေးဝယ်စန်တာ တခုပါဝင် မည့် အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားသည့် ရွှေတိဂုံဘုရားကို ထိခိုက်နိုင်သည့်အတွက် ပြည်သူလူထုက ပြင်းပြင်းထန် ထန် ကန့်ကွက်ခဲ့သည့် အတွက် ထိုသို့ ပယ်ဖျက်ပေးခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များအသင်းမှ အမှုဆောင် ကော်မတီဝင်တဦး ဖြစ်သည့် ဒေါ်လှစုမြတ်က ယခုကဲ့သို့ အထပ်မြင့် အဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းများကို ဆိုင်းငံ့လိုက်ခြင်းအား ကြိုဆိုကြောင်းနှင့် စစ်ဆေးရေး အဖွဲ့အစည်း ဖွဲ့ခြင်းသည် ရေရှည်တွင် မြို့တော်အတွက် ကောင်းသည့် ကိစ္စတခုဖြစ်ကြောင်း ပြောသည်။
“ခုလို ဆိုင်းငံ့ထားလိုက်တဲ့ အတွက် သက်ဆိုင်တဲ့သူတွေကို ကာလတခုလောက် အထိတော့ ထိခိုက်တာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် သိပ်မကြာတော့မယ့် အနာဂတ်မှာ ဆိုးရွားတဲ့ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာတွေ ကျမတို့ ရင်ဆိုင်ရပါလိမ့်မယ်။ အဲဒါကြောင့် အစိုးရက အခု ပုံစံအတိုင်း တုန့်ပြန်လိုက်တာပါ” ဟု ဒေါ်လှစုမြတ်က ပြောသည်။
ရန်ကုန် အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့(Yangon Heritage Trust) ကို တည်ထောင်သူ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးကလည်း “သူတို့ရဲ့ တည်ဆောက်မှုက စနစ်တကျ ချမှတ်ထားတဲ့ မြို့တော် အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်မယ် ဆိုရင် ကျနော် အထပ်မြင့် အဆောက်အဦးတွေကို လုံး၀ မဆန့်ကျင်ပါဘူး။ ရန်ကုန်မြို့အတွက် ရေရှည်အမြင်နဲ့ စီမံကိန်း တခုကို ရေးဆွဲ ဆွေးနွေး ဆုံးဖြတ်ပြီးတဲ့ အချိန်အထိ တည်ဆောက်ရေး လုပ်ငန်းအသစ်တွေကို ရပ်တန့်ထားဖို့ အစိုးရသစ်မှာ အခွင့်အရေး ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
“ကားတွေ ပြန့်ကျဲရှုပ်ထွေးတဲ့ မြို့တော်တခုထက်စာရင် အဆင့်အတန်းမြင့်တဲ့ အများပြည်သူပို့ဆောင်ရေး စနစ်နဲ့ ပိုပြီး ကျစ်ကျစ်လစ်လစ် ရှိတဲ့ မြို့တခုက အကောင်းဆုံး ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ရန်ကုန်ရဲ့တချို့နေရာတွေမှာတော့ အထပ်မြင့် အဆောက်အဦးတွေက အဆင်ပြေနိုင်ပါတယ်။ မကောင်းတာက ဘာလဲဆိုတော့ ချန်ထားရမယ့်မြေနေရာ တွေမှာ အဲဒါ တွေကို ရေရှည် အစီအစဉ် တခုမရှိဘဲနဲ့ အလွယ်တကူ ဆောက်ပစ်လိုက်တာ ဖြစ်ပါတယ်” ဟု ဒေါက်တာ သန့်မြင့်ဦးက ပြောသည်။