ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ် နမ္မကျေးရွာ အုပ်စု တွင် ရှမ်းပြည် တိုးတက်ရေး ပါတီ ရှမ်းပြည် တပ် မတော် မြောက်ပိုင်း (SSPP/SSA) နှင့် အစိုးရ တပ်မတော် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံ ၂၀၀ ကျော် ပိတ်မိနေကြောင်း သိရသည်။
“နမ္မ အုပ်စု ကျောင်းမိုင်မှာ ဒုက္ခသည် ၂၀၀ ကျော် ပိတ်မိ နေတယ်။ ပိတ်မိနေတဲ့ရွာနဲ့ စစ်ပွဲဖြစ်နေတဲ့နေရာက သိပ်မဝေးဘူး။ လူမှုကူညီရေး အဖွဲ့ တွေ သွားခေါ်ပြီး ထွက်လာဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ဝင်ဖို့ မလွယ်ဘူး။ ကြိုးစားနေတုန်း။ ဒုက္ခသည်တွေ ပြန့်ကျဲနေတော့ စာရင်းအတိအကျ မသိရသေးဘူး” ဟု နမ့်ပေါင် ကျေးရွာမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အဖွဲ့ဝင် ဦးစိုင်းလှထွေးက ဧရာဝတီသို့ ပြောသည်။
SSPP/SSA နှင့် အစိုးရ တပ်မတော် သည် ယနေ့ အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ ဒုက္ခသည်တချို့မှာ လားရှိုးမြို့ပေါ်ရှိ မန်ဆူဘုန်းကြီးကျောင်းသို့ ထွက်ပြေးသွားကြကြောင်း၊ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေမည်ဆိုပါက ဒေသခံများ၏ တောင်ယာ စိုက်ပျိုးမှု တွင် ခက်ခဲနိုင်ကြောင်းလည်း ဦးစိုင်းလှထွေးက ပြောသည်။
“ မန်ဆူ ဘုန်းကြီးကျောင်းကို မနေ့ညက အထိ ၈၀ ကျော် ရောက်တယ်။ လသား ကလေးရော အသက် ၈၆ နှစ်အရွယ် အဘိုးရော ပါတယ်။ ထပ်ရောက်လာဖို့ ရှိသေးတယ်” ဟု လားရှိုးမြို့ မှ စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီပေးနေသည့် ဦးမောင်မောင်သန်း က ရှင်းပြသည်။
ပြီးခဲ့သည့် မေ ၁၂ ရက်က တပ်မတော်နှင့် SSPP/SSA တို့ တိုက်ပွဲ ၁ ကြိမ် ဖြစ်ပွားခဲ့သည့်အတွက် စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော် သည် နောင်ပိန်ကျေးရွာ၊ ပန်လော့ကျေးရွာ များသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။
တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် SSPP/SSA အဖွဲ့သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။