အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးမူဘောင် ချမှတ်နိုင်ရေး ဆွေးနွေးမည့် ၂၁ ရာစု ပင်လုံညီလာခံကို ယခုနှစ် ဇူလိုင်လအတွင်း ကျင်းပရန် စီစဉ်နေကြောင်း သိရှိရသည်။
ရန်ကုန်မြို့ ရွှေလီလမ်းရှှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ယနေ့ ပြုလုပ်သည့် အစိုးရ၏ ၂၁ ရာစု ပင်လုံညီလာခံ ပြင်ဆင်ရေးကော်မတီနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံပြီးနောက် နှစ်ဖက်ကိုယ်စားလှယ်များက ဧရာဝတီကို ပြောဆိုခြင်း ဖြစ်သည်။
ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း က“ညီလာခံကို ဇူလိုင်လကုန်လောက် ကျင်းပနိုင် ရေးအတွက် ပြင်ဆင်ရေးကော်မတီက ကျနော်တို့ကို ရှင်းပြပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ယနေ့အစည်းအဝေးတွင် ပြင်ဆင်ရေးကော်မတီက ဇူလိုင်လအတွင်း ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်ပြီး ပြောဆို ခဲ့မှုများ ရှိသော်လည်း အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ပြင်ဆင်ရေးကော်မတီ၏ ရှင်းလင်းပြောဆိုချက်များအရ ညီလာခံကျင်းပမည့်ပုံစံသည် ယခင်သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့နှင့် ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ပင်လုံ ညီလာခံ ဟု အမည်ပြောင်းလဲ မှည့်ခေါ်သည့်သဘောဖြစ်သည်ဟု တိုင်းရင်းသားများဘက်က နားလည်ထားကြောင်း ဦးခွန်မြင့်ထွန်း က ပြောပြ သည်။
ညီလာခံအတွက် မူဘောင်ကို ယခင်ရေးဆွဲထားသည့် နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်မှ အချက်အလက်များကို ပြန်လည်ပြင်ဆင် ရေးဆွဲပြီး အသုံးပြုသွားမည်ဟုလည်း ဆိုသည်။
ထို့အပြင် မူဘောင်ပြင်ဆင်ရေးဆွဲရန် NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ကို ဖိတ်ခေါ်ပြီး ထိုအဖွဲ့များမှ ကိုယ်စားလှယ်များကိုယ်တိုင် ပါဝင်ရေးဆွဲနိုင်ရန် စီစဉ်ပေးသွားမည်ဟုလည်း သိရသည်။
လက်မှတ်မထိုးထားသည့် တိုင်းရင်းသားအဖွဲ့များအား NCA လက်မှတ်ရေးထိုးရန် မလိုအပ်ဘဲ ညီလာခံတွင် ပါဝင်ခွင့်ပေးမည့် အခြေ အနေ ရှိ မရှိနှင့် ပတ်သက်ပြီး ဧရာဝတီက မေးမြန်းရာတွင် ဦးခွန်မြင့်ထွန်းက “ဒီညီလာခံရဲ့မူဘောင် ရေးဆွဲရေး နေရာက စပြီး လာရောက်ဆွေးနွေးလို့ ရတယ်။ သူတို့ကိုယ်တိုင် မူဘောင်ချမှတ်တဲ့နေရာမှာ ပိုင်ရှင်တွေအဖြစ် (ဧည့်သည့် မဟုတ်ဘဲ) ပါဝင်ခွင့်ရ မယ်”ဟု ပြောပြသည်။
လာမည့်မေလ ၂၇ ရက်တွင် နေပြည်တော်၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) မှ အစည်းအဝေးတရပ် ပြုလုပ်၍ လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများကို ဖိတ်ခေါ်ရေး၊ နိုင်ငံရေးမူဘောင် ပြန်လည်ရေးဆွဲရေးတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း ဦးခွန်မြင့်ထွန်းက ဆက် ပြောသည်။
ညီလာခံ ပြင်ဆင်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များကို ညီလာခံ မကျင်းပမီ ကြားကာလအတွင်း လက်မှတ်ထိုးရန်နှင့် လက်မှတ်မထိုးပါကလည်း ညီလာခံမူဘောင် ရေးဆွဲရေးမှစတင်၍ ပါဝင်ကြရန် သွားရောက် ညှိနှိုင်းမှုများ ပြုလုပ်မည်ဟု ဆိုသည်။
ညီလာခံ ပြင်ဆင်ရေးကော်မတီ အောက်တွင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်ပြီး လက်မှတ်မထိုးရသေးသည့် အဖွဲ့များကို သွားရောက်ညှိနှိုင်းမည့် ဆပ်ကော်မတီတခုနှင့် ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ညီလာခံ ကျင်းပရေးအတွက် ဆောင်ရွက်မည့် ဆပ်ကော်မတီတခုတို့ ထပ်မံဖွဲ့စည်းထားကြောင်း သိရသည်။
လက်မှတ်မထိုးရသေးဘဲ လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ညီလာခံတွင် ခေါ်ယူနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ထားချက်များရှိပြီး ကော်မတီ အတွင်းတွင်လည်း ဆွေးနွေးထားချက်များ ရှိသည်ဟု ညီလာခံ ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပြသည်။
“အခု ကျနော်တို့ကို ပေးတဲ့တာဝန်က ညီလာခံကို ပြင်ဆင်ဖို့ဖြစ်တယ်။ သူတို့ လက်မှတ်ထိုးတယ်၊ မထိုးဘူးဆိုတာ နောင်မှာ သက် ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ညှိတဲ့အပေါ် မူတည်လိမ့်မယ်။ အခုအရေးကြီးတာ သူတို့နဲ့ကျနော်တို့ ဆွေးနွေးပွဲ ဘယ်လိုလုပ်နိုင်မလဲပဲ” ဟုလည်း ဦးလှမောင်ရွှေက ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဘက်ကလည်း ယနေ့ ဆွေးနွေးချက်များနှင့် ပတ်သက်၍ ၎င်းတို့ ခေါင်းဆောင်များကြား ပြန် လည် ဆွေးနွေးမှုများ ပြုလုပ်မည်ဟု သိရသည်။
ယနေ့ အစည်းအဝေးတွင် အစိုးရဘက်မှ နိုင်ငံတော်သမ္မတရုံး တာဝန်ခံ ဦးဇော်ဌေး၊ ကြိုတင်ပြင်ဆင်ရေး ကော်မတီဝင်များ၊ တပ် မတော်မှ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒု ဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တိုင်းရင်းသားများဘက်မှ ဦးခွန်မြင့်ထွန်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်မှူးကြီး စိုင်းလှ၊ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း၊ ပဒိုမန်းငြိမ်းမောင် နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ဦးမျိုးဝင်း တို့ တက်ရောက်ခဲ့ကြသည်။