ဆိုင်ကလုန်း မုန်တိုင်း (ROANU) အန္တရာယ် သက်ရောက်နိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သဘာ၀ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အစီအစဉ်များ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေသို့ ဦးတည်နေသော်လည်း မြန်မာနိုင်ငံရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နေ၍ မုန်တိုင်းအန္တရာယ် သက်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ် ပြန်ထားသည်။
မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက“အလွယ် တကူ စားလို့ရမယ့် ခေါက်ဆွဲခြောက်တို့၊ သောက်ရေသန့်တို့၊ ဆန်တို့ ဒါတွေကို အရန်သင့် စုထားတယ်။ ဘေးဖြစ်တာနဲ့ အဲဒီနေရာ ကို သွားပြီး ထောက်ပံ့ပေးဖို့အတွက် ပြင်ဆင်ထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက ပြည်သူလူထုကို ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘေးအန္တရာယ်ကျရောက်မည် ဆိုပါက ကြိုတင် သတိပေးစနစ်များ ကျင့်သုံး၍ အဓိက အထိခိုက်ခံရနိုင်သည့် ဒေသ ၄ ခုကို ကြိုတင်ပြီး ဘေးကင်းလုံခြုံသည့် နေရာသို့ရွှေ့ ထား ရန်လည်း ကော်မတီ အဆင့်ဆင့်နှင့် ညှိနှိုင်းဆွေးနွေး၍ အကြောင်းကြားထားပြီး ဖြစ်သည်ဟု ဆိုသည်။
မကွေးတိုင်းဒေသကြီးအတွင်း သဘာ၀ ဘေးအန္တရာယ် လျော့ပါးရေး ဆင့်ပွားသင်တန်းကို မေ ၂၅၊ ၂၆၊ ၂၇ ရက်တို့တွင် ပြုလုပ်သွား ရန် ပြင်ဆင်ထားသည်ဟုလည်း ၎င်းက ပြောသည်။
အလားတူပင် ချင်းပြည်နယ်တွင်လည်း သဘာ၀ ဘေးအန္တရာယ် လျော့ပါးရေး ဆင့်ပွား သင်တန်းများကို မေ ၁၉ ရက်မှစ၍ ပြုလုပ် နေပြီဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး သဘာ၀ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တိုင်းအစိုးရ၏ အကူအညီဖြင့် လိုအပ်သည့် အချိန် တွင် အချိန်နှင့်တပြေးညီ ဆက်သွယ်နိုင်ရေးအတွက် ဆက်သွယ်ရေးစက်များတိုးချဲ့တပ်ဆင်ထားကြောင်း၊ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းအတွက် စက်လှေများထပ်မံဝယ်ထားပြီး ထောက်ပံ့ရေးပစ္စည်းများ အဆင်သင့်ဖြည့်ဆည်းထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် က ဧရာဝတီသို့ ပြော သည်။
“ကလေးမှာ လာမယ့် ၂၃၊ ၂၄ ရက်မှာ သဘာ၀ ဘေးအန္တရာယ် လျော့ပါးရေး ဆင့်ပွားသင်တန်းဖွင့်မယ်။ အဲဒီဘက်မှာ ပြီးခဲ့တဲ့နှစ် က မြစ်ချောင်းတလျှောက်မှာ ရေကြီးရေလျှံကြုံတွေ့ခဲ့ရတဲ့ ရွာတွေကို လိုက်ပြီးဟောပြောပေးမယ်။ သဘာ၀ ဘေးအန္တရာယ် တခုချင်း စီရဲ့ ဆောင်ရန် ရှောင်ရန်တွေ ဟောပြောမယ်”ဟု ၎င်းက ရှင်းပြသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၃၄ မြို့နယ်ရှိသည့်အနက် မြို့နယ် ၂၀ ခန့်သည် ရေဘေးသင့်နိုင်သည့် အခြေအနေရှိသော နေရာဒေသများဖြစ်ကြောင်းလည်း ဦးစဝီလီဖရန့်က ပြောဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် သဘာ၀ ဘေးအန္တရာယ် အဆိုးရွားဆုံး ခံစားခဲ့ရသည့် ဒေသဖြစ်သည့်အပြင် ၂၀၁၆ ဧပြီ ၂၂ နှင့် ၂၃ ရက်က ရွာသွန်းခဲ့သည့် မိုးနှင့်အတူ မိုးသီးကျွေကျခြင်း၊ လေပြင်း တိုက်ခတ်ခြင်းတို့ကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် နေအိမ်များ ပြိုကျပျက်စီးခြင်း၊ အိမ်အမိုးများ လန်ခြင်း၊ ပေါက်ပြဲပျက်စီးခြင်း၊ ဥယျာဉ်စိုက်ခင်းများ ပျက်စီးခြင်းတို့အပြင် လူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“အဲဒီလိုတွေ လုပ်နိုင်မယ်ဆို ပိုကောင်းတာပေါ့။ ရခိုင်ပြည် အခြေအနေက ဖြစ်လာမှသာ သွားကူညီကြတာပဲ ရှိပါတယ်။ ကျနော်တို့အနေနဲ့လည်း ကြိုတင်ပြင်ဆင်တာ မရှိဘူး။ ဖြစ်ပြီဆိုမှပဲ လိုအပ်တဲ့နေရာတွေမှာ အစိုးရအဖွဲ့အစည်းတွေ မရောက်ခင် လူမှုအဖွဲ့အစည်းတွေက သွားရောက် ကူညီကြတာပဲရှိပါတယ်”ဟု ရခိုင်ပြည်နယ် အခြေစိုက် လူမှုအဖွဲ့အစည်း တခုဖြစ်သည့် ဝံလက် ဖောင်ဒေးရှင်းမှ ကိုခိုင်ကောင်းစံက ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ ကမ်းရိုးတန်းတလျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။