အစိုးရ၏ အထောက်အပံ့ နည်းပါး၍ မန္တလေးမြို့ ရှိ အနုပညာအထက်တန်းကျောင်းတွင် ကျောင်းအိပ် ကျောင်းစား ကျောင်းသားကျောင်းသူများ လက်ခံနိုင်ခြင်းမရှိဘဲ တက်ရောက်ပညာသင်ကြားသူဦးရေ နည်းပါးလာကြောင်း အဆိုပါ ကျောင်း (ပန်တျာဌာန)ကျောင်းအုပ်ကြီး ဦးအောင်သက်ထွန်းက ပြောသည်။
“အခုလက်ရှိ မန္တလေးအနုပညာအထက်တန်းကျောင်းမှာ ပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ် အားလုံးပေါင်း ကျောင်းသား ၇၄ယောက်ပဲရှိတယ်။ ဘာကြေင့် သုံးနှစ်ပေါင်းမှ ကျောင်းသား၇၀ကျော်ပဲ ရှိရသလဲဆိုရင် ကျောင်း သား လေးတွေ နေထိုင်ဖို့ အတွက် အဆောင်တွေ စီစဉ်မပေးနိုင်တော့ မြို့ပေါ်မှာရှိတဲ့ ကလေးတွေ လောက် ပဲ ကျောင်းတတ်နိုင် ကြပါတယ်။ အရင် ပန်တျာကျောင်းတုန်းကတော့ ကျောင်းအိပ်ကျောင်းစားနဲ့ ကျောင်းသား တွေကို လက်ခံသင်ကြားပေးနိုင်ခဲ့တော့ ပန်တျာ ကျောင်းဆင်းတွေက အပြင်အနုပညာလောကမှာ အဆင့် တန်း မီမီ လုပ်ကိုင်နိုင်ကြပါတယ်”ဟု ဦးအောင်သက်ထွန်းက ပြောသည်။
အနုပညာအထက်တန်းကျောင်းကို ၁၉၅၃နှစ်က စတင်ကာ ပန်တျာကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး မျိုးဆက် သစ် အနု ပညာရှင်များ မွေးထုတ်ပေးလျက်ရှိကြောင်း၊ ပန်တျာကျောင်းအဖြစ်စတင်ဖွင့်လှစ်စဉ်က အသက်မွေး ဝမ်း ကျောင်း ပညာရပ် တခုဖြစ်သည့် ပန်းချီ၊ ပန်းပု၊ အဆို၊ အက၊ အတီးစသည့် ပညာရပ်တွေကို သင်ကြား ပေးနိုင်ခဲ့ ကြောင်း၊ ကျောင်းစတင် ဖွင့်လှစ်ချိန်က ၄ တန်း အောင်မြင်လျှင် တက်ရောက်သင်ကြားနိုင်ပြီး ကျောင်းအိပ်၊ကျောင်းစား အဖြစ် လက်ခံသင်ကြားပေးခဲ့ကြောင်း၊ ၂၀၀၇ခုနှစ်နောက်ပိုင်းမှ စတင်၍ အဆောင်နေ ကျောင်း သားအဖြစ် လက်ခံသင်ကြားပေး နိုင်ခြင်းမရှိတော့သဖြင့် အနုပညာကို ဝါသနာပါလွန်းသည့် မြို့ခံ မဟုတ် သည့် ကျောင်းသားများ တက်ရောက်လိုလျှင် မန္တလေးမြို့ပေါ်ရှိ ဆွေမျိုး၊ မိတ်ဆွေများအိမ်၌ ထား၍ ကျောင်းတက် ရကြောင်း သိရှိရသည်။
“ပန်တျာကျောင်းကို ရန်ကုန်မြို့နဲ့မန္တလေးမြို့ နှစ်ကျောင်းပဲ ဖွင့်လှစ်ပေးထားတယ်၊ ကျောင်းကနေ ပန်းချီပညာ၊ ပန်းပုပညာ၊ အဆို၊ အက၊ အတီး ပညာရပ်တွေကို သင်ကြားပေးတယ်၊ ပန်တျာဌာနမှာ မြန်မာအက၊ စန္ဒရား၊ ပတ္တလား၊ စောင်း၊ မယ်ဒလင်၊ တယော၊ ဒုံမင်း အစရှိတဲ့ ပညာရပ်တွေကို သင်ကြားပေးတယ်၊ ပန်တျာ ဌာနမှာ ဆိုရင် မဖြစ်မနေ အားလုံးသင်ကြားရတဲ့ ပညာရပ်တွေကတော့ ဂီတသင်္ကေတ(နုတ်)၊ ကဗျာရေးဖွဲ့နည်း ၊အဆိုပညာတွေကို သင်ကြရတယ်၊ ဒါကြောင့်လဲ အရင်ပန်တျာကျောင်းဆင်းတော်တော်များဟာ ဒီနေ့ အချိန် မှာဆိုရင် နိုင်ငံကျော်တွေ ဖြစ်နေကြတယ်၊ ဥပမာ အနေနဲ့ပြရမယ်ဆိုရင် မန္တလေးသဘင်လောကက ဂီတစာဆို အကယ်ဒမီစိန်မွတ္တားဟာ မန္တလေးပန်တျာကျောင်းဆင်း တစ်ယောက်ပါပဲ”ဟု (ပန်တျာဌာန)ကျောင်းအုပ်ကြီး ဦးအောင်သက်ထွန်းက ပြောသည်။
အနုပညာအထက်တန်းကျောင်းအဖြစ် ၂၀၀၆-၂၀၀၇ ပညာသင်နှစ်မှစတင်၍ ပြောင်းလဲခဲ့ပြီး သင်တန်းသား လက်ခံ ရာတွင် အခြေခံပညာ အလယ်တန်းအဆင့် သတ္တမတန်းအောင်မြင်ပြီးသူဖြစ်ရမည်ဟု သတ်မှတ်ထားပြီး ဝါသနာနှင့် အနုပညာ အခြေခံ အရည်အသွေးပေါ် မူတည်၍ ပညာအရည်အချင်းကို လျှော့ပေါ့ စဉ်းစား ပေး လျက်ရှိကြောင်း၊ တက်ရောက်ခွင့်ရသူ များသည် သုံးနှစ်တက်ရောက် ပညာသင်ကြားရပြီး အနုပညာ အထက်တန်း ကျောင်းပြီးသည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို ဝင်ရောက်ဖြေဆိုကြရကြောင်း၊ ယခုနောက်ပိုင်း ကာလ တွင် အနုပညာအထက်တန်းကျောင်းသို့ တိုင်းရင်းသားများပါ လာရောက် သင်ယူလျက်ရှိကြောင်း သိရှိရ သည်။
“ကျနော်တို့ငယ်ငယ်က ပန်တျာကျောင်းဆိုတာ အခုအောင်မြင်နေတဲ့သူတွေကို မွေးထုတ်ပေးခဲ့တဲ့ နေရာပါ။ ပန်တျာ ကျောင်းအဖြစ်သတ်မှတ်တဲ့အချိန်က အနုပညာဘာသာရပ်တွေကိုပဲ သင်ကြားပေးခဲ့တယ်။ အခု အနု ပညာ အထက်တန်း ကျောင်းဖြစ်တော့ အနုပညာဘာသာရပ်အပြင် အတန်းကျောင်းပညာရပ် တွေကိုပါ သင်ကြား ပေးလာတာဟာ ကောင်းပါ တယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနအောက်မှာရှိတဲ့ အနုပညာ အထက်တန်း ကျောင်း မှာတော့ ကျောင်း သားတွေက မိမိစရိတ်နဲ့ကျောင်းတက်နေရတဲ့အပြင် ကျောင်းအိပ် ကျောင်းစား နေထိုင် ဖို့အတွက်တောင် ပန်တျာကျောင်း အချိန်က အသုံးပြုခဲ့တဲ့ အဆောင်တွေကို အသုံးပြု ခွင့် မရတော့ဘူး၊ အဲဒီ တော့ တကယ်ထူးချွန်ထက်မြက်တဲ့ မြန်မာရိုးရာ အမွေအနှစ် အဆို၊အက၊အရေး၊အတီးစတဲ့ အနုပညာရပ် တွေ ကြာရင် ပျောက်ကွယ်သွားနိုင်ပါတယ်”ဟု မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးနေဝင်းက ပြော သည်။
အနုပညာအထက်တန်းကျောင်း(ပန်တျာကျောင်း)တွင် တက်ရောက်သည့် ကျောင်းသားများသည် အဆို ၊အက ၊အရေး ၊အတီး ပညာရပ်များကို ခေတ်လူငယ်များ စိတ် ဝင်စားမှုနည်းပါလာကြပြီး သင်ကြားမှု ဆိုင်ရာ တွင်လည်း မြန်မာ့ဆိုင်းပညာရပ်ကို သင်ရိုးတွင် ထည့်သွင်းသင်ကြားနိုင်ခြင်း မရှိကြောင်း သိရှိရသည်။