ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း ရှမ်းပြည် တိုးတက်ရေး ပါတီ ရှမ်းပြည် မြောက်ပိုင်း တပ်မ တော် (SSPP/SSA)နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ၁၀၀၀ ကျော် သီပေါမြို့ ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
မေလ ၁၂ ရက်နေ့မှစတင်၍ တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားခြင်းဖြစ်ြ်ပီး စစ်ဘေးရှောင် ဒုက္ခသည်များကို သီပေါ မြို့နယ် မြို့ဟောင်းဘုန်းတော်ကြီး၊ ဘိုးတော်ကြီးကျောင်း၊ ရွှေကျောင်း၊ ခန္တီရာမ ကျောင်းနှင့် နမ့်အွမ် (စဉ့်အင်) တွင် ထားရှိပြီး၊ ထွက်ပြေးလာသည့် သူများတွင် အမျိုးသမီး ဦးရေပို များကြောင်းရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ချုပ် (SNLD) မှ သီပေါမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းစမ်းစမ်းအေး က ဧရာဝတီ သို့ပြောသည်။
“ ကျမတို့ ဒေသခံတွေကို သူတို့ရွာထိ သွားခေါ်တာပါ။ အားလုံး ၁၁၃၀ ဦးရှိပါတယ်။ ရွာအနီးမှာ တိုက်ပွဲတွေ ဖြစ် တော့ သူတို့ထွက်မလာရဲကြဘူး။ တိုက်ပွဲတွေက ရပ်ထား ပေမယ့် ဗုံးသံတွေကတော့ ကြား နေရတုန်းပါပဲ” ဟု နန်းစမ်းစမ်းအေးက ပြောသည်။
ဒုက္ခသည်များအတွက် လက်ရှိတွင် စာနပ်ရိက္ခာများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ဖိနပ်များနှင့် အမျိုးသမီး လစဉ်သုံး ပစ္စည်းများ လိုအပ်နေကြောင်း နန်းစမ်းစမ်းအေးက ဆိုသည်။
“အခုလောဆယ် တော့ ဒုက္ခသည်တွေအတွက် သီပေါမြို့နယ် ပရဟိတ အသင်းတွေ က ကူညီ ကျွေးမွေး ထား ပါတယ်။ ရက်ကြာ သွားရင်တော့ ရိက္ခာပျက်သွားနိုင်ပါတယ်။မိုးရွာတော့ သူတို့အတွက် နေရတာလည်း ခက်ခဲ တယ်” ဟု သီပေါမြို့နယ် လူမှုကူညီရေး အသင်းမှ ကိုမျိုးက ဧရာဝတီသို့ပြောသည်။
ယခုရာသီအချိန်သည် စိုက်ပျိုးချိန်ဖြစ်သော်လည်း ဒေသခံများ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် နေရ ကြောင်း၊ လာမည့်အတွက် လယ်ယာလုပ်ကိုင်သူများအတွက် အခက်အခဲဖြစ်နိုင်သည် ဟုလည်း ကိုမျိုးက ဆိုသည်။
တိုက်ပွဲကြောင့် စစ်ဘေးရှောင် များစွာ ထွက်ပြေးလာရာတွင် ကျောင်းတက်နေသည့်အရွယ်ကလေးငယ် များစွာ လည်း ပါဝင်နေပြီး မကြာမီ ကျောင်းဖွင့်ရာသီတွင် ကလေးငယ်များ ကျောင်းပြန်တက်နိုင်ရေး လွှတ်တော် တွင် တင်ပြ သွားမည် ဟု ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များက ပြောကြားသည်။
တိုက်ပွဲများဖြစ်ပွားနေချိန် ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ပန်လော့ကျေးရွာ အနီးနှင့် ဝိုးလုံ ကျေးရွာအနီးတွင် မီးရှို့ခံရသည့် အလောင်း ၇ လောင်း မေလ ၂၀ ရက်နေ့က တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။