အစိုးရသစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အရ ၅၀၀ ကျပ်တန် အောင်ဘာလေထီ တိုးမြှင့်ထုတ်လုပ် ရောင်းချရန် စီစဉ်နေပြီး အမြင့်ဆုံးဆုငွေအဖြစ် ပထမဆု ကျပ်သိန်း ၁ သောင်း၊ ဒုတိယဆု ကျပ် သိန်း ၅ ထောင်ကို လာမည့် ၈ လအကြာတွင် စတင်ရောင်းချ ချီးမြှင့်သွားမည်ဟု သိရသည်။
ထီဆုကြေးငွေ အမြင့်ဆုံး ကျပ်သိန်း ၁ သောင်းအထိ တိုးမြှင့်သတ်မှတ်လိုက်ပြီးနောက် ဈေးကွက်အတွင်း ဖြစ်ပေါ်လာနိုင်သည့် ရောင်းလိုအားနှင့် ဝယ်လိုအား အခြေအနေအပေါ် မူတည်ပြီး ထီအက္ခရာများကိုလည်း တိုးမြှင့်ထုတ်လုပ် ရောင်းချရန် စီစဉ်ထားသည် ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆု ဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင် က ပြောသည်။
ဦးထွန်းထွန်းအောင်က “ဌာနအနေနဲ့က၂၀၁၆ ခုနှစ် ဧပြီလမှာ အက္ခရာအလုံးရေ ၃၅ လုံး ထုတ်လုပ်ရောင်းချခဲ့တယ်။ မေလမှာ အက္ခရာ အလုံးရေ ၃၈ လုံး ထုတ်လုပ်ရောင်းချခဲ့တယ်။ နောက်ပိုင်းမှာ အလုံး ၄၀၊ အလုံး ၄၂ လုံး စသည်ဖြင့် တိုးထုတ်လုပ်သွားဖို့ အစီအစဉ်ရှိတယ်”ဟု ဧရာဝတီကို ပြောပြသည်။
လက်ရှိထီဈေးကွက်၌ ၁ လ ၁ ကြိမ်ထုတ် အစိုးရ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ရောင်းချပေးနေသည့် ၂၀၀ ကျပ်တန် ထီ ၁ စောင် ကို ထီအရောင်းဆိုင်၌ ၁ စောင်လျှင် ကျပ် ၃၅၀ ဖြင့် ဝယ်ယူနေရကြောင်း၊ ထီဆုကြေးငွေ တိုးမြှင့်လိုက်ခြင်းကြောင့် ထီရောင်း လိုအား ပိုမိုတက်လာနိုင်သကဲ့သို့ ထီဈေးနှုန်းလည်း မြင့်တက်လာနိုင်ကြောင်း ထီအရောင်းဆိုင်များက ပြောဆိုသည်။
အောင်လာလေထီ ဆုကြေးငွေ တိုးမြှင့် ထုတ်လုပ်ရောင်းချရန် စီစဉ်နေမှုနှင့်ပတ်သက်ပြီး ဦးထွန်းထွန်းအောင်က “သိန်း ၁သောင်း က တဆုပဲ။ ဆုမဲ အရေအတွက်ကတော့ အက္ခရာလုံးရေ ဘယ်နှလုံးထုတ်မလဲအပေါ် မူတည်ပြီးတော့ ဆုမဲအရေအတွက် ပြောင်းသွားမှာပေါ့။ တွက်ထားတာက အက္ခရာအလုံးရေ ၁၅ လုံး ရောင်းရရင် ဘယ်လောက်ပေးမယ်။ ၂၅ လုံးရောင်းရရင် ဘယ်လောက်ပေး မယ်ဆိုပြီးတော့ တွက်ထားတာပေါ့။ ဒါပေမယ့် မသေချာသေးတဲ့အတွက် ဘာမှတော့ ပြောလို့ မရသေးဘူး”ဟု ပြောသည်။
လစဉ်ပုံမှန် ထီ ထိုးနေသူတဦး က“ထီကတော့ထိုးပါတယ်။ အခုလို ကျပ်သိန်း ၁ သောင်း ဆုချေးငွေတိုးမြှင့်လိုက်တော့ ပိုစိတ်ဝင်စား တာပေါ့။ ဒါပေမယ့် ဆုမဲကြီးတွေထက် ဆုမဲငယ်လေးတွေကို များများချီးမြှင့်စေချင်တယ်။ ဆုမဲများတော့ ပေါက်တဲ့သူများတယ်။ မရှိတဲ့သူအတွက် ၃ သိန်းလောက် ပေါက်လည်း ဝမ်းသာစရာပဲလေ”ဟု ပြောဆိုသည်။
လက်ရှိအချိန်၌ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ရောင်းချနေသည့်ထီများကို တနိုင်ငံလုံး အတိုင်း အတာ ဖြင့် အဓိက ထီကိုယ်စားလှယ်ယူ ရောင်းချနေသည့် ထီဆိုင်များမှာ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ၊ ရွှေမြန်မာ၊ အေးငြိမ်းချမ်း တို့ဖြစ်ကြောင်း သိရသည်။
အောင်ဘာလေ သိန်းဆုထီကို ၁၉၃၈ ခုနှစ်တွင် စတင်ထုတ်ဝေရောင်းချခဲ့ပြီး ထီ ၁ စောင်လျှင် ၂ ကျပ်ဖြင့် ထီဆုကြေးငွေ အမြင့်ဆုံး ဆု ကျပ် ၁ သိန်းဆုဖြင့် ထုတ်လုပ်ရောင်းချခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ထီလက်မှတ်ဈေးနှုန်းကို ကျပ် ၂၀၀ တိုးမြှင့်သတ်မှတ်ခဲ့ပြီး အမြင့်ဆုံးထီဆုကြေးငွေ ကျပ် သိန်း ၁၅၀၀ ချီမြှင့်လာသည်မှာ ၇ နှစ် ကြာမြင့်ပြီဖြစ်သည်။