စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် အလုပ်သမား ဦးရေ ၃၀၀ ကျော်က မြို့တွင်း ချီတက်တောင်းဆိုမှုကို ယနေ့ မေလ ၂၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ကြောင်း သတင်း ရရှိသည်။
အလုပ်အကိုင်ရရှိရေး ချီတက် တောင်းဆိုရာတွင် ကုန်တင်ကုန်ချ အလုပ်သမားများ၊ သစ်စက် လုပ်သားများ၊ အနှေးယဉ်လုပ်သားများ နှင့် အထက်ချင်းတွင်းကွန်ယက် အဖွဲ့ဝင်များက ပူးပေါင်းလုပ်ခြင်းဖြစ်ကြောင်း ပါဝင် တောင်းဆိုသူများက ပြောသည်။
အထက်ချင်းတွင်းကွန်ရက်မှ ကိုကျော်သက်ဝင်းက “ အလုပ်လက်မဲ့ဖြစ်နေတဲ့ သူတွေ အများကြီးရှိနေ ပါတယ်၊ တတိုင်းလုံး အနေနဲ့လည်း အများကြီးပါ၊ ကျနော်တို့က ဒါကို အစိုးရသစ်အပေါ် အကျပ်အတည်းဖြစ်စေတာမျိုး မဟုတ်ဘဲ၊ ဥပဒေတွေနဲ့အညီ ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုတာပါ”ဟု ဧရာဝတီသို့ပြောသည်။
ကုန်တင်ကုန်ချ အလုပ်သမားများအနေဖြင့် ကုန်ချကွင်းတွေကို သတ်မှတ်ထားရှိပေးရေးနှင့် အနှေးယာဉ် လုပ်သား များကလည်း ဥပဒေနဲ့အညီ တရားဝင်လိုင်စင်ဖြင့် သတ်သတ်မှတ်မှတ် လုပ်ဆောင်ပေးရန်နှင့် အလုပ်သမားတို့၏ ဥပဒေအရ ရပိုင်ခွင့်များရရှိရေးကိုလည်း အမြန်ဆုံးဆောင်ရွက်ပေးရန် တောင်းဆိုကြ ကြောင်း သိရှိရသည်။
အလုပ်သမား အများစုမှာ တရားဝင်အလုပ်သမား မှတ်ပုံတင်ပြုလုပ်ထားသူများ ဖြစ်ပြီး ချီတက်တောင်းဆိုရာသို့ တိုင်းသေကြီးအစိုးရအဖွဲ့မှ အလုပ်သမားရေးရာ ကိုယ်စားလှယ်တဦး လာရောက်ခဲ့သော်လည်း မည်သည့် ဆွေးနွေး ညှိနှိုင်းမှုမှ လုပ်ဆောင်ခြင်း မရှိကြောင်း ကိုကျော်သက်ဝင်းက ပြောသည်။
ယခုတောင်းဆိုမှုမှာ ကလေးမြို့တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး အစိုးရ၏ ဖြေရှင်းမှုအပေါ် မူတည်ကာ လိုအပ်ချက်အတိုင်း ချီတက်ဆန္ဒပြ တောင်းဆိုမှုများကို ဆက်လက်ပြုလုပ်သွားရန် ပြင်ဆင်ထားကြောင်း တောင်းဆိုရာ တွင် ပါဝင်သော အလုပ်သမားများက ပြောဆိုသည်။
ယခုလအတွင်း စစ်ကိုင်းမြို့ရှိ သစ်အချောထည်စက်ရုံ မှ အလုပ်ရှင်၊ အလုပ်သမား ပြဿနာ ဖြေရှင်းပေးရန် အလုပ်သမားများ စစ်ကိုင်းမြို့မှ နေပြည်တော်အထိ ချီတက်တောင်းဆိုခဲ့ကြကြောင်း၊ အာဏာပိုင်များက ညှိနှိုင်း ပေးသော်လည်း အလုပ်သမားများက လက်မခံဘဲ နေပြည်တော်အထိ ဆက်လက်ချီတက်ခဲ့သဖြင့် ဖမ်းဆီးကာ ဥပဒေမဲ့ ဆန္ဒပြမှု အပါအဝင် ပုဒ်မများဖြင့် တရားရုံးတင် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။