ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော် လမ်းမပေါ်ရှိ နမ့်ဆမ်ယန် ကျေးရွာတွင် အရပ်သား နှစ်ဦးကို အစိုးရ တပ်မတော် စစ်ကြောင်းက ဖမ်းဆီးပြီး ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA) အဖွဲ့နှင့် ဆက်နွှယ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးရိုက်နှက်ခံခဲ့ကြောင်း လွတ်မြောက်လာသူ ကာယကံရှင် နှစ်ဦးက ပြောသည်။
နမ့်ဆန်ယန်ရွာ အနီးရှိ ငှက်ပျောခြံတွင် အလုပ်လုပ်နေကြသော ကိုဇော်အောင် (အသက် ၃၂) နှင့် ကိုနော်ဆိုင်း တို့သည် မေလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက နန့်ဆန်ယန် ရွာရှိ ဈေးဆိုင်တဆိုင်တွင် ဈေးသွားဝယ်စဉ် မသင်္ကာမှုဖြင့် ခမရ ၃၈၁ တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး ရိုက်နှက်ညှဉ်းပန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုဇော်အောင် က “မင်းသူငယ်ချင်းက KIA စစ်သားလားဆိုပြီး ကျနော့်ကိုမေးတယ်။ အသက်ရှုလို့မရအောင် ကျနော်ခေါင်းကို ပလက်စတစ်အိတ်နဲ့ စွပ်တယ်။ နောက်ပြီးတော့ ကျနော့်ကို ပက်လက်လှန်ခိုင်း ထားပြီးမှ အဲဒီဗိုလ်မှူးက ကျနော့်ခေါင်းပေါ်မှာ ဖိနပ်နဲ့တက်နင်းပြီး ရိုက်တာ။ ကျနော်တို့က ငှက်ပျောခြံမှာ လုပ်နေတဲ့ ရိုးရိုး ပြည်သူလူထုတွေပါလို့ ပြောတယ်။ အဲဒါလည်း မဖြေရကောင်းလားဆိုပြီး အသားကုန်ရိုက်တာ” ဟု ဧရာဝတီသို့ပြောသည်။
ကိုဇော်အောင်နှင့် ကိုနော်ဆိုင်းတို့ နှစ်ဦးကို မွန်းလွဲ ၁ နာရီတွင် ဖမ်းဆီးခဲ့ပြီး တပ်မတော် စစ်ကြောင်းက စစ်မေးကာ ထိုးကြိတ်၊ ကန်ကျောက်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ပြီး မိုဘိုင်းဖုန်းများကိုလည်း စစ်ဆေးကြောင်း၊ ရပ်ရွာ တာဝန်ရှိသူများက အရပ်သားများဖြစ်ကြောင်း လာရောက် အာမခံခဲ့သဖြင့် ညနေ ၄ နာရီတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အစိုးရ တပ်မတော် စစ်ကြောင်းက ၎င်းတို့နှစ်ဦးအား KIA တပ်ဖွဲ့ဝင် သို့မဟုတ် သတင်းပေးဟု သံသယ ဝင်နေခြင်းဖြစ်ပြီး ဖမ်းဆီးထားချိန်တွင် ၎င်းတို့နှစ်ဦးအား တနေရာစီခွဲထားပြီး အရာရှိ တဦးနှင့် တပ်သား ၃ ဦးက ဝါးခြမ်းနှင့် ရိုက်နှက်ခြင်း၊ ထိုးကြိတ်၊ ကန်ကျောက်ခြင်းများ ပြုလုပ်၍ စစ်ဆေးမေးမြန်းခဲ့ကြောင်း ကိုနော်ဆိုင်းကလည်း ပြောသည်။
ကိုနော်ဆိုင်း က “ကျနော်ကျတော့ တိုင်မှာ ဖက်ခိုင်းပြီးတော့ ပေါင်မှာ ဝါးခြမ်းနဲ့ ၅ ချက်အရိုက်တယ်။ နောက်ပါးလည်း နှစ်ချက်ရိုက်တယ်။ ကျနော်သူငယ်ချင်းကို ဟိုဘက်မှာ ခေါ်ရိုက်ပြီးတော့ ဟိုဘက်မှာ မင်းသူငယ်ချင်းကတော့ KIA စစ်သားဆိုတာ ဝန်ခံပြီ။ မင်းက မဝန်ခံသေးဘူးလား ဆိုပြီး လိမ်ပြောပြီး ရိုက်စစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ရိုက်နှက် စစ်ဆေးမှုများနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းကိုင်ခြင်း မရှိပါ။
ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA တပ်များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး ပဋိပက္ခဖြစ်သည့် ဒေသအချို့တွင် အရပ်သားများကို မသင်္ကာမှုဖြင့် ဖမ်းဆီးရိုက်နှက် စစ်ဆေးမှုများ ယခင်ကတည်းက ရှိခဲ့ကြောင်း၊ သို့သော်လည်း ယင်းကိစ္စများနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်သည်ဟု မကြားဖူးသေးကြောင်း အစိုးရ တပ်မတော်နှင့် KIO အကြား ကြားဝင်ညှိနှိုင်းပေးနေသည့် ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) အဖွဲ့ကပြောသည်။
PCG အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးလမိုင်ဂွမ်ဂျာ က “နေရာအနှံ့က ဒီလိုပါပဲ။ သူတို့ မသင်္ကာဘူးဆိုရင် ခေါ်ပြီးတော့ စစ်တာ။ စစ်တယ် ဆိုကတည်းက ရိုက်တာ၊ ပုတ်တာ၊ အမျိုးမျိုး နှိပ်စက်ခံရတာကတော့ ရှိတာပေါ့။ အထူးသဖြင့်တော့ တပ်နဲ့ KIA တို့ နီးစပ်တဲ့ ရွာတွေ၊ အစွန်အဖျားဖြစ်တဲ့ တောရွာတွေဘက်မှာ ဖြစ်တာများပါတယ်။ မြို့ပေါ်မှာကတော့ မဖြစ်ပါဘူး။ ဒါတောင် ကျနော်တို့ ကြားမိတာတွေ ရှိသလို မကြားမိတာတွေလည်း အများကြီးပါ” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရသစ် လက်ထက်တွင်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများဖြစ်ပွားဆဲဖြစ်ပြီး အဆိုပါ ပဋိပက္ခများ အကြားတွင် ဒေသခံ ပြည်သူများ ရိုက်နှက်နှိပ်စက်မှုများ ခံရခြင်း၊ လက်နက်ထိမှန် သေဆုံးခြင်းနှင့် ကျေးရွာများ မီးရှို့ခံရခြင်းများခံခဲ့ကြရသည်။ သို့သော်လည်း မည်သည့် အဖွဲ့ကမှ ဝန်ခံထုတ်ဖော်ပြောဆိုကြခြင်း မရှိပေ။