မြန်မာနှင့် ထိုင်း တပ်မတော် ၂ ရပ်အကြား ယခုအချိန်အခါသည် ချစ်ကြည်ရေး အမြင့်ဆုံး အချိန်ဖြစ်ကြောင်း ထိုင်းတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sommai Kaotira က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောဆို လိုက်သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယမန်နေ့က ရောက်ရှိနေခြင်းဖြစ်ပြီး၊ ၂ နိုင်ငံ တပ်မတော်ဦးစီးချုပ်များ၏ တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ Facebook စာမျက်နှာတွင် ရေးသားထားခြင်း ဖြစ်သည်။
ထိုင်းတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က “ထိုင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်သည် ချစ်ချစ်ခင်ခင် ရှိပါကြောင်း၊ နယ်စပ် တလျှောက်နှင့် ရေပြင်၊ မြေပြင် ပြဿနာများ ကြီးမားစွာ မရှိကြောင်း၊ ၎င်းအပြင် ယခုအချိန်သည် ချစ်ကြည်ရေး အမြင့်ဆုံး အချိန်ဟု ပြောဆိုနိုင်ကြောင်း၊ တပ်မတော်သား အချင်းချင်း စကားပြောဆိုရာတွင် လွယ်ကူသလောက် နိုင်ငံရေးတွင် ပြောဆိုရာ တွင် အခက်အခဲများရှိကြောင်း ပြောကြားသည်” ဟု ဖော်ပြထားသည်။
ထို့အပြင် ထိုင်းဘုရင့် တပ်မတော်အနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မြင်းတပ်ဖြင့် ပထမဆုံးအကြိမ် ကြိုဆိုဂုဏ်ပြု ခဲ့သည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က “အခုတခေါက်ကတော့ မြင်းတပ်နဲ့ပါ ထူးထူးခြားခြား ဂုဏ်ပြု ကြိုဆို တာပေါ့။ တနှစ်တခါ အပြန်အလှန်ပေါ့လေ။ ဒီက ဦးစီးချုပ်ကလည်း ဇန်နဝါရီတုန်းက သွားတယ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ဒီက ဦးစီးချုပ်တွေနဲ့ ရင်းနှီးပြီးသားပါ။ အာဆီယံအစည်းအဝေးတို့ ဘာတို့မှာလည်း တွေ့နေကြ တာပဲ။ နှစ်ဖက်ဆက်ဆံရေးကတော့ ဟိုးအရင် ၂၀၀၀ ခုနှစ်ထက်ကစာရင်တော့ အခုဟာ ပိုမြင့်လာတာပေါ့” ဟု သံအမတ်ကြီး ဦးဝင်းမောင် က ဧရာဝတီသို့ ပြောသည်။
နှစ်နိုင်ငံ တပ်ချုပ်များ တွေ့ဆုံရာ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂၀၁၁ ခုနှစ်နောက်ပိုင်း ပုံစံပြောင်းလာသည့် မြန်မာ့ နိုင်ငံ ရေးအခင်းအကျင်းတွင် တပ်မတော်၏ ပူးပေါင်းဆောင်ရွက်ခဲ့ရသည့် အခန်းကဏ္ဍနှင့် ယခုလက်ရှိ အစိုးရသစ်လက်ထက် ဆောင်ရွက်ရမည့် စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံတွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများရှိပြီး ထိုပဋိပက္ခများကို စစ်ရေးနည်းလမ်း၊ နိုင်ငံရေးနည်းလမ်း၊ သံတမန်ရေးနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်း သားလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အကူအညီများပေးခဲ့သည် ပြောဆိုကြောင်းသိရသည်။
နရဲစွမ်တက္ကသိုလ်မှ မြန်မာ့အရေးလေ့လာသူ Wirat Niyomtam ကတော့ တိုင်းပြည်၏ လုံခြုံရေးတွင် စစ်တပ် အခန်းကဏ္ဍ နှင့် နယ်စပ်ဒေသအရေးများ ဆွေးနွေးရာမှာ ပါဝင်နိုင်ပြီး၊ မြန်မာအစိုးရ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အနောက်နှင့် ဆက်ဆံရေးတိုးမြှင့်ချိန်တွင် စစ်ဘက်အနေဖြင့်လည်း အာဆီယံအတွင်း၌ ဆက်ဆံရေး ပိုမို ကောင်းမွန်စေရန် လုပ်ဆောင်နေသည်ဟု ယူဆကြောင်း Bangkok Post သတင်းက ဖော်ပြထားသည်။
၂၀၀၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက ထိုင်းနှင့် မြန်မာစစ်တပ်အကြား ရှမ်းပြည်အရှေ့ပိုင်း နယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ သေးသည်။