ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လမ်းတံတား ဂိတ်ကြေး လေလံများ၊ လမ်းတံတား တည်ဆောက်ရေး တင်ဒါများ ခေါ်ယူရာတွင် စိတ်ဝင်စားကြေး ကောက်ခံသည့်စနစ်ကို ဧရာဝတီတိုင်း အစိုးရသစ်က ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိသည်။
“ဆောက်လုပ်ရေးဌာန လက်အောက်က လမ်းတံတား ဂိတ်ကြေးလေလံတွေမှာ စိတ်ဝင်စားကြေး ကောက်ခံတဲ့စနစ်ကို ဒီနှစ်ကစပြီး ဖျက်သိမ်းလိုက်ပါပြီ။ ဒါက ကျနော်တို့အစိုးရရဲ့ရက် ၁၀၀ စီမံကိန်းအဖြစ် လုပ်ဆောင်တာပါ။ စိတ်ဝင်စားကြေး ကောက်တဲ့ စနစ် အစား Show Money (လေလံဆွဲနိုင်သည့် ငွေပမာဏ) ပြခိုင်း၊ ဘဏ်မှာသွင်းခိုင်းပြီး လေလံပွဲပြီးတဲ့အခါ အဲဒီငွေတွေအကုန် ပြန် ထုတ်ပေးမယ့်စနစ်ကို ပြောင်းလဲထားပါတယ်”ဟု ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ဧရာဝတီကို ပြောသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် လမ်း၊ တံတား အသုံးပြုခ ကောက်ခံရေးဂိတ်များအား ယခင်နှစ်များက လေလံပစ်ခဲ့ရာတွင် ကြမ်းခင်းဈေးဖြင့်သာ လုပ်ငန်းရှင်များကို လုပ်ကိုင်စေခဲ့ခြင်းဖြစ်ပြီး လုပ်ကိုင်လိုသူ များပြားသည့်အတွက် စိတ်ဝင်စားကြေး ကောက် ခံ ၍ မဲနှိုက်စေခဲ့ပြီး မဲပေါက်သူအား တနှစ်တာ ကောက်ခံခွင့်ပြုသည့်စနစ် ကျင့်သုံးခဲ့သည်။
လမ်းတံတားလေလံ ကြမ်းခင်းဈေး ကျပ်သိန်း ၃၀၀ အောက် တန်ဖိုးရှိ လမ်းတံတားများအတွက် စိတ်ပါဝင်စားကြေး ကျပ် ၁ သိန်း၊ ကျပ်သိန်း ၃၀၀ မှ ၆၀၀ ကြား တန်ဖိုးရှိ လမ်းတံတားအတွက် ကျပ် ၂ သိန်း နှင့် ကျပ်သိန်း ၆၀၀ အထက် တန်ဖိုးရှိလုပ်ငန်းအတွက် ကျပ် ၃ သိန်း ပေးသွင်းရသည်။
လုပ်ငန်းရှင်များသည် အဆိုပါဂိတ်များ လုပ်ကိုင်ခွင့်ရရန်အတွက် လူ ၃၀၊ ၄၀ ခန့်ကိုငွေထုတ်ပေး၍ မဲနှိုက်စေခြင်းများ လုပ်ဆောင် ခဲ့ကြသည့်အတွက် လမ်းတံတားပွဲတခုတွင် လုပ်ကိုင်လိုသူပေါင်း ၁၅၀ မှ ၃၀၀ ကျော်အထိ ဝင်ရောက်မဲနှိုက်မှုများ ရှိခဲ့သည်။
မဲပေါက်သူက လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိပြီးနောက် လေလံမဲနှိုက်ပွဲပြီးဆုံးချိန်တွင် စိတ်ဝင်စားကြေး ကျပ် သိန်း ထောင်နှင့်ချီသည့်ငွေများကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူလေ့ ရှိကြောင်း သိရသည်။
မြောင်းမြမြို့မှ လမ်းတံတားကြေး ကောက်ခံသည့်လုပ်ငန်းရှင် တဦး ဖြစ်သူ ဦးစိုးစိုးက“စိတ်ဝင်စားကြေးစနစ် ဖျက်သိမ်းလိုက်ပြီး Show Money ပြပြီး လုပ်ခိုင်းတဲ့စနစ် ပြောင်းလိုက်တာ ကောင်းပါတယ်။ ဒါပေမယ့် ဧရာဝတီတိုင်းမှာက တံတား ၂၇ စင်းရှိတာ ၂၂ စင်းကို ဖျက်သိမ်းလိုက်တော့ လုပ်ငန်းက ၅ ခုပဲ ကျန်တော့တယ်။ ဒါကိုဝင်ဆွဲဖို့ကျတော့ လူကအရမ်းများပြီး ပြိုင်ဆိုင်မှုတွေက အရမ်း များသွားမယ့် သဘောရှိတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်း အတွင်း တံတား ၂၇ စင်း ရှိရာ ပြီးခဲ့သည့် ဧပြီလ အတွင်းက တံတား ၂၂ စင်း ၏ လမ်းတံတား အသုံးပြုမှု ကောက်ခံ သည့် လုပ်ငန်းများကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။
ဆောက်လုပ်ရေးဌာနက အဆိုပါ စိတ်ဝင်စားကြေးစနစ်ကို ဖျက်သိမ်းခဲ့သလို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက လည်း ဒေသဖွံ့ဖြိုးရေး လမ်းတံတား ဆောက်လုပ်မှုများအတွက် တင်ဒါ ခေါ်ယူရာတွင် လမ်းတံတား တင်ဒါကြေး တန်ဖိုး၏ ဝ.၂ ရာခိုင်နှုန်းကို စိတ်ဝင်စားကြေးအဖြစ် ယခင်နှစ်များက ကောက်ခံသည့်စနစ်ကို ယခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။
“စိတ်ဝင်စားကြေး မကောက်ဖို့ ညွန်ကြားချက်က နှစ်လယ်လောက်က ထွက်လာတဲ့အတွက် အဲဒီအချိန်ကတည်းက မကောက် တော့တာပါ။ ယခင်တုန်းက ကောက်ခဲ့တဲ့ဟာတွေကလည်း ဌာနအတွက် ကောက်တာ မဟုတ်ပါဘူး။ နိုင်ငံတော်အစိုးရကိုပေးသွင်း ရတာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးသန်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် လမ်း အတွက် ကျပ် ၉၀၀၉ သန်း ရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း ကွန်ကရစ်လမ်း ၂၆ မိုင် ဝ.၁၁ ဖာလုံ၊ ကတ္တရာလမ်း ၂.၇ ဖာလုံ၊ ကျောက်ချောလမ်း ၆၉ မိုင် ၇.၇၄ ဖာလုံနှင့် မြေသားလမ်း ၃၂ မိုင် ၁.၉၂ ဖာလုံ ဆောင်ရွက် ရန် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဇွန်လ ၁၇ ရက် နောက်ဆုံးထား ဖိတ်ခေါ်ထားကြောင်း သိရသည်။
တံတားရန်ပုံငွေ ကျပ် ၁၇၉၉ သန်းဖြင့် ကွန်ကရစ်တံတား ၁၈ စင်း၊ သစ်သားတံတား ၂၁ စင်းနှင့် ရေပြွန် (Box-Culvert) ၂၅ စင်း ဆောက်လုပ်ရန် အတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဇွန်လ ၁၇ ရက် နောက်ဆုံးထား ဖိတ်ခေါ်ထားသည်။
ဧပြီလအတွင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်းတံတား အသုံးပြုခကောက်ခံသည့် ဂိတ်ပေါင်း ၂၂ ဂိတ်ကို လုပ်ငန်းများ ဖျက်သိမ်းခဲ့သည့်အတွက် အဆိုပါဂိတ်များ လုပ်ကိုင်ခွင့်ရရှိရန် ပေးသွင်းခဲ့ရသည့် စိတ်ဝင်စားကြေးများ ပြန်ထုတ်ပေးရန် လုပ်ငန်းရှင် များက တောင်းဆိုခဲ့ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် ဧပြီလအတွင်းက ပြန်လည် ထုတ်ပေးခဲ့ကြောင်း သိရသည်။