မြန်မာနိုင်ငံတဝှမ်းရှိ နှလုံးရောဂါ ဝေဒနာ ခံစားနေရသည့် ကလေးငယ်များကို အခမဲ့ ဆေးကုသမှုပေးနိုင်ရန် ကူညီပေးလျက်ရှိကြောင်း ဧရာဝတီ ဖောင်ဒေးရှင်း မှ သိရသည်။
ဧရာဝတီဖောင်ဒေးရှင်းသည် မက်စ်ကုမ္ပဏီများ အုပ်စု ဥက္ကဋ္ဌ ဦးဇော်ဇော် က ဦးစီးတည်ထောင်ကာ ကလေးသူငယ်များ၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ကိစ္စများအတွက် ကူညီပေးလျက်ရှိသည်။ အဆိုပါ ဖောင်ဒေးရှင်းသည် ရန်ကုန်မြို့ရှိ ရန်ကင်းကလေးဆေးရုံကြီးတွင် ရုံးခွဲဖွင့်လှစ်ကာ နှလုံးရောဂါ ဝေဒနာ ခံစားနေရသည့် ကလေးများအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးကုသမှု၊ ခွဲစိတ်မှု စသည့်ကိစ္စရပ်များအပြင် ဆင်းရဲနွမ်းပါးသည် ကလေးများအတွက် ကူညီပေးလျက်ရှိသည်။
“ကျနော်တို့က နှလုံးရောဂါ နဲ့ ဆိုင်တဲ့ကလေးတွေ အပါအဝင် ဘယ်သူ့ကိုမဆို အကူအညီပေးပါတယ်။ အဲဒါအပြင် ရန်ကင်းကလေးဆေးရုံကြီးရဲ့ လိုအပ်တဲ့ စက်ပိုင်းဆိုင်ရာ၊ ဝန်ထမ်းပိုင်ဆိုင်ရာတွေမှာလည်း ထောက်ပံ့မှုတွေ လုပ်ပေးနေပါတယ်”ဟု ဧရာဝတီ ဖောင်ဒေးရှင်း မှ တာဝန်ရှိသူက ပြောသည်။
လက်ရှိ ရန်ကင်းကလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် နှလုံးရောဂါ ဝေဒနာသည် ကလေးငယ်များကို ဂျပန်နိုင်ငံရှိ Akemi-Chan FUND နှင့် ရန်ကင်းကလေးဆေးရုံကြီးမှ နှလုံးအထူးကု ဆရာဝန်များ အဖွဲ့က မေလ ၂၅ ရက်မှ မေလ ၃၀ ရက် ခန့်အထိ ဆေးကုသမှုပေးလျက်ရှိသည်။
“အမေရိကန်တို့၊ ဂျပန်တို့နဲ့အတူတူ ဖြစ်ပွားပုံချင်းက အတူတူပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာက ကုသဖို့ ခဲယဉ်းနေတာ။ ကျနော်တို့ အခု ကုပေးနေရတဲ့ ကလေးတွေက ကံကောင်းလို့ အသက်ရှင်နေလို့ ကုရတာ။ နှလုံးရောဂါဖြစ်မှ မဟုတ်ဘူး။ ကလေးက မူမမှန်တာနဲ့ ဆရာဝန်ကို ပြပေးသင့်တယ်” ဟု ဂျပန်နိုင်ငံမှ Akemi-Chan FUND အဖွဲ့နှင့် အတူလိုက်ပါလာသည့် Tokyo Women’s Medical University (Heart Institute) မှ Pediatric Cardiology ဆိုင်ရာ ပါမောက္ခ Toshio Nakanishi က ဧရာဝတီသို့ ပြောသည်။
၎င်းက “မြန်မာအစိုးရက နိုင်ငံတွင်းမှာ နှလုံးနဲ့ ပတ်သက်တဲ့ ကလေးသူငယ်တွေရဲ့ ရောဂါ ကုသမှုအတွက် နှလုံးရောဂါကု ဆရာဝန်တွေကိုလည်း ပြုစုပျိုးထောင်ပေးရမှာပါ။ အခုတော့ နှစ်နိုင်ငံအစိုးရနဲ့ ACF က ပူးပေါင်းပြီး လုပ်ဆောင်နေတာတွေတော့ ရှိပါတယ်” ဟု ရှင်းပြသည်။
Akemi-Chan FUND သည် ဂျပန်နိုင်ငံတွင် နှလုံးရောဂါသည် ကလေးငယ်များစွာ ကို ဆေးဝါးစောင့်ရှောက်မှုများ ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံ ရှိ နှလုံးရောဂါသည် ကလေးများကို ဆက်လက်ကူညီနေပြီး နှလုံးရောဂါဗေဒဆိုင်ရာ ဆရာဝန်များ၏ ဆေးဝါးကုသမှု စွမ်းရည်မြှင့်တက်လာစေရန် လက်တွေ့ သင်တန်းများ ပေးခြင်းနှင့် လေ့လာရေးခရီးများ ခေါ်ယူခြင်းများပြုလုပ်လျက်ရှိသည်။
အဆိုပါ အဖွဲ့သည် ၂၀၁၅ ခုနှစ် ၉ လပိုင်းက ပထမအကြိမ်အဖြစ် နှလုံးရောဂါသည် ကလေးများကို ခွဲစိတ်ကုသခြင်းနှင့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။ စက်တင်ဘာ သို့မဟုတ် နိုဝင်ဘာလတွင်လည်း ထပ်မံလာရောက်ဦးမည် ဟုသိရသည်။ ဂျပန်၊ မြန်မာအစိုးရ နှင့် ပူးပေါင်းကာ နှလုံးရောဂါရှင် ကလေးများအတွက် ကုသရေးနှင့် ဆရာဝန်များကို ဆေးဝါး စွမ်းရည်ကျွမ်းကျင်မှု သင်တန်းများပြုလုပ်ပေးရန် ၅ နှစ် စီမံကိန်း MOU ချုပ်ဆိုထားသည်ဟု သိရသည်။