ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ပေါ်၌ ကျောင်းသားဆေးခန်းဟု လူသိများသည့် မယ်တော်ဆေးခန်းကို နေရာသစ်၌ မေလ ၂၈ ရက်နေ့တွင် ဖွင့်လှစ်ပြီး အခမဲ့ ဆေးကုသမှုများ ဆက်လက် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၁၉၈၈ လူထုအရေးတော်ပုံက ပေါက်ဖွားလာသော ကျောင်းသားဆေးခန်းသည် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်တွင် အလုပ်လုပ်ကိုင် နေကြသော ရွှေ့ပြောင်း မြန်မာလုပ်သားများ အပါအဝင် မြဝတီခရိုင်အတွင်းရှိ ဒေသခံများနှင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ငွေကြေး ချို့တဲ့သူများ၏ အားကိုးအားထားရာ ဆေးခန်းတခုဖြစ်သည်။
ကျောင်းသား ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင် က “နေရာသစ်က နေရာဟောင်းထက်စာရင် လူနာတွေအတွက် နေရာထိုင်ခင်းပိုပြီးတော့ ကောင်းမွန်တာပေါ့။ နေရာထိုင်ခင်း ကောင်းမွန်တဲ့ အတွက်ကြောင့် လူနာတွေကို ဝန်ဆောင်မှုတွေ ပေး တဲ့အခါမှာလည်း ပိုပြီးတော့ အဆင်ပြေမယ်။ တချိန်တည်းမှာပဲ လက်ရှိကျန်းမာရေး လုပ်ငန်းတွေကို အခြေပြုပြီးတော့ ပြည်တွင်း ထဲမှာရော နယ်စပ်ဒေသမှာရော ကျန်းမာရေး လုပ်ငန်းတွေကိုလည်း ပိုပြီးတော့ စပ်ဆက် ဆောင်ရွက်နိုင်ဖို့ကျမတို့ လုပ်ဆောင်သွားမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ကျောင်းသား ဆေးခန်းဟောင်းသည် မဲဆောက်မြို့ လေဆိပ်အနီး၌ တည်ရှိပြီး အသစ်ဖွင့်လှစ်မည့် နေရာသည် နေရာဟောင်းနှင့် ၁၅ ကီလိုမီတာခန့် ကွာဝေးကြောင်း၊ ဆေးခန်းသစ်တွင် အတွင်းလူနာဆောင် ၃ ဆောင်၊ ပြင်ပလူနာဆောင် ၃ ဆောင်ရှိပြီး သင် တန်း ဆောင်၊ ခြေတု၊ လက်တုဌာနနှင့် မျက်စိ ခွဲစိပ်ကုသရေးဌာန တို့ကတော့ နေရာဟောင်းတွင် ရှိနေဆဲဖြစ်ပြီး ပြောင်းရွှေ့ခြင်းမပြုရသေးကြောင်း သိရသည်။
မဲဆောက်မြို့နယ်တွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမား များတွင် ထိုင်းအစိုးရက ထုတ်ပေးသော နေထိုင်ခွင့် လက်မှတ် အထောက်အထား မရှိသူများလည်း အများအပြားရှိပြီး ၎င်းတို့၏ ရောဂါ အကြီးအသေး အပါအဝင် သားဖွားမှုကအစ ကျောင်းသား ဆေးခန်းကို အားကိုးကြရသည်။ နေထိုင်ခွင့် လက်မှတ် ရှိသူများပင် ကျောင်းသားဆေးခန်းကို အားကိုးကြရသည်။
မဲဆောက်မြို့နယ်က တောင်ယာစိုက်ခင်းတွင် အလုပ်လုပ်နေသည့် ကိုမြင့်မောင် က “ကျနော်တို့လို ဘတ်(နေထိုင်ခွင့် လက်မှတ်) မရှိတဲ့ သူတွေကြတော့ ဘယ်မှာမှ ဆေးကုလို့မရဘူးလေ။ ကျနော့်မျက်လုံး ထင်းစမှန်တုန်းကလည်း ဒီဆေးခန်းပဲ။ ကျနော့် ကလေးနှစ်ယောက် မွေးပေးတာလည်း ဒီဆေးခန်းပဲ။ ကျောင်းသားဆေးခန်းမရှိရင် ကျနော်တို့လိုလူတွေအတွက် ဆေးကုဖို့ အခက်အခဲဖြစ် မှာလေ။ ဒီဆေးခန်းရှိတော့ ကျနော်တို့လိုလူတွေအတွက်တော့ ကျောတခြမ်း လုံတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ၌ နိုင်ငံရေးအခြေအနေ အပြောင်းအလဲ ရှိနေသော်လည်း ကျောင်းသားဆေးခန်းသို့ လာရောက်ကုသသူ အရေအတွက် သည် ထူးထူးခြားခြား ပြောင်းလဲသွားသည့် အနေအထားမျိုး မတွေ့ရှိရသေးကြောင်း ကျောင်းသား ဆေးခန်း၏ အမှုဆောင် ဒါရိုက် တာ လည်း ဖြစ်သော ဒေါက်တာ စင်သီယာမောင် က ပြောပြသည်။
မြန်မာနိုင်ငံ၏ သမိုင်းဝင် ၁၉၈၈ လူထု အရေးတော်ပုံ ကာလက တောခိုခဲ့ကြသူများတွင် ဆရာဝန်များ၊ ဆေးကျောင်းသား၊ ဆေး ကျောင်း သူများ၊ သူနာပြုများ ပါဝင်ခဲ့ပြီး ထိုကျောင်းသားများက စုပေါင်း၍ ၁၉၈၉ ခုနှစ်တွင် မဲဆောက်မြို့က မယ်တော် ကျေးရွာလေး တွင် ဆေးခန်း တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။
နှစ်ပေါင်း ၂၀ ကျော်ကြာပြီးဖြစ်သည့် ကျောင်သားဆေးခန်းသည် မဲဆောက်မြို့နယ်တွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ လုပ် သား များ အပါအဝင် မြဝတီခရိုင်အတွင်းရှိ ဒေသခံများနှင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ငွေကြေးချို့တဲ့သူများကို နေ့စဉ် ကုသပေးလျက်ရှိရာ တနှစ်လျှင် လူနာပေါင်း ၁ သိန်းခွဲခန့် အခမဲ့ ကုသပေးရကြောင်း သိရသည်။