ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် ငွေကျပ် ၄၂ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ စံချိန်တင်ဖမ်းဆီးရမိခဲ့သည့် မူးယစ် ဆေးဝါး များ နှင့် ပတ်သက်၍ တရားခံ ၁ ဦးသာ ဖမ်းမိပြီး အဓိကတရားခံဖြစ်သူ လျိုဇီရှောင်နှင့် အောင်ဆန်းတို့ ဖမ်းဆီးရမိရေး အတွက် စုံစမ်း ဆောင် ရွက် နေဆဲဖြစ်ပြီး ဖမ်းမမိသေးကြောင်း ကွတ်ခိုင်မြို့နယ်ရဲစခန်းထံမှ သိရသည်။
တရားခံဖြစ်သူ လျိုဇီရှောင်သည် ယခင်ကတည်းက မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိနေသော တရားခံပြေး တဦး ဖြစ် ကြောင်း၊ ပြီးခဲ့သည့်မတ်လ ၅ ရက်က မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ခြံဝင်းတစ်ခုအတွင်းရှိ ကွန်တိန်နာ နှစ်ခုထဲမှ ကျပ် ၃၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုမှ ထွက်ပြေး တိမ်းရှောင်နေသည့် အဓိက ကွင်း ဆက် တရားခံဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ကွတ်ခိုင်မြို့နယ် နယ်ထိန်း (တာဝန်ခံ) ရဲအုပ်မြင့်သူက “လက်ရှိ ဖမ်းမိထားတဲ့ယာဉ်မောင်းကို စစ်ကြောရေး ဝင်နေတုန်းပဲ၊ အဓိကတရားခံ ရမိရေးကို စုံစမ်းဖော်ထုတ်နေဆဲပါ” ဟု ဧရာဝတီကို ပြောသည်။
မေလ ၂၈ ရက်နေ့ ကောင်းခါးဘက်မှ ကွတ်ခိုင်မြို့သို့ မောင်းနှင်လာသော ၁၂ ဘီးယာဉ် UD Nissan ယာဉ်အား စစ်ဆေးရာတွင် ဆာလာအိတ် ၁၀၅ အိတ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ပေါင်း ၂၁,၀၅၀,၀၀၀ ပြားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဒေသပေါက်ဈေးအရ ကျပ်သိန်းပေါင်း ၄၂၁,၀၀၀ သိန်း (ကျပ် ၄၂ ဒသမ ၁ ဘီလီယံ) တန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါအမှုသည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် ၂၀၁၆ ခုနှစ် မတ်လ ၃ ရက်က စိတ်ကြွဆေးပြား ခြောက်သိန်း ကျော် ဖမ်းဆီးရမိခဲ့သည့် နောက်ကွင်းဆက်အဖြစ် မန္တလေးမြို့တွင် ထပ်မံဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ကွတ်ခိုင်မြို့နယ် ဒေသခံတဦးက “ဒီဘက် တချို့နေရာတွေမှာ မူးယစ်ဆေးတွေက ဟင်းရွက်ကန်စွန်းလို ဖြစ်နေတယ်၊ အရင်ကတောထဲမှာ လုပ်ကြရာက အခုမြို့ပေါ် လမ်းအချို့မှာ ပေါ်တင်ပဲ လုပ်နေကြတာတွေလဲ တွေ့ရတယ်” ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး စံချိန်တင်ပမာဏအများဆုံး ဖမ်းဆီးရမိမှုသည် ၂၀၁၅ ခုနှစ် ဇူလိုင် ၂၆ က မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်နယ်မြေ ကားလမ်းဘေး၌ ကွန်တိန်နာကားငယ်တစီးအတွင်း ပီနံအိတ်များဖြင့် ထုပ်ပိုးထားသည့် စိတ်ကြွဆေးပြားပေါင်း ၂၆၇ သိန်း ကို ဖမ်းဆီးရမိခဲ့မှု ဖြစ်သည်။
ကွတ်ခိုင်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ လက်ဝယ်ဖမ်းမိသူ ယာဉ်မောင်း အောင်အောင် (ခ) ယေစောင့်တဲ့ ဆိုသူကို မယ (ပ) ၃၅/၁၆ ၊ မူး/ စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိ ကြောင်း ကွတ်ခိုင်မြို့နယ်ရဲစခန်းထံမှ သိရသည်။