ပါကစ္စတန်အစိုးရက မြန်မာ့ တပ်မတော်ကို JF-17 တိုက်လေယာဉ်နှင့် စစ်လက်နက်များ ရောင်းချခြင်းမပြုရန် ကချင် အမျိုးသား အစည်းအရုံး (KNO) က တိုက်တွန်း တောင်းဆိုကြောင်း ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော်က “အခုလောလောဆယ်မှာတော့ ကျနော်တို့နိုင်ငံက နိုင်ငံတကာနဲ့ဖြစ်တဲ့ တိုက်ပွဲလည်း မရှိဘူး။ နိုင်ငံတကာဥပဒေတွေ ချိုးဖောက်ပြီး တိုက်လေယာဉ်တွေနဲ့ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်တွေကိုပဲ တိုက်နေတယ်။ အဲဒီ လို တိုက်တဲ့အခါမှာ ဒေသခံလူထုတွေကိုလည်း ထိခိုက်နေတယ်။ ဒါကြောင့် ကျနော်တို့က တိုက်တွန်းတာပါ”ဟု ဧရာဝတီကို ပြော သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်လက်နက်ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်လာ သည့် ပါကစ္စတန်နှင့် ဆားဗီးယားနိုင်ငံများသို့ ၂၀၁၅ ခုနှစ် မေလတွင် သွားရောက်ခဲ့ပြီး ထိုနိုင်ငံများက ထုတ်လုပ်သည့် စစ် လက်နက် များကို လေ့လာခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ထိုခရီးစဉ်အပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လထဲတွင် ပါကစ္စတန်နိုင်ငံထုတ် JF-17 တိုက်လေယာဉ် ၁၆ စီးကို မြန်မာက ပထမဆုံးဝယ်ယူပြီးဖြစ်ကြောင်း၊ ပါကစ္စတန်က မြန်မာကို JF-17 တိုက်လေယာဉ် ၂၄ စီး ရောင်းချရန် ကမ်းလှမ်းခဲ့ပြီး မြန်မာက ပထမအသုတ် အနေဖြင့် ၁၆ စီး ဝယ်ယူခဲ့ကြောင်း ပါကစ္စတန်အခြေစိုက် သတင်းဌာနများကလည်း ရေးသားခဲ့ကြသည်။
KNO ဥက္ကဌ ဒူဝါဘောမ်ဝမ်လရော်က ပါကစ္စတန် အစိုးရအနေဖြင့် မြန်မာ့ တပ်မတော်အပေါ် တိုက်လေယာဉ်များနှင့် စစ်လက်နက်များ ရောင်းချနေခြင်းထက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး စာပွဲဝိုင်းပေါ်တွင် တွေ့ဆုံဆွေးနွေးရန် မြန်မာ့ တပ်မတော်ကို တိုက်တွန်းသင့်ပြီး တိုင်းရင်းသားဒေသများ၌ တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် ဖိအားပေးသင့် သည် ဟု ပြောသည်။
ပါကစ္စတန် အစိုးရနှင့် မြန်မာ့ တပ်မတော်တို့သည် စစ်လက်နက် ရောင်းဝယ်ရေးကိစ္စဖြင့် ယခင်ကတည်းက ကောင်းမွန်သည့် ဆက်ဆံ ရေးများ ရှိနေပြီး ပါကစ္စတန် အစိုးရအနေဖြင့် ၎င်းတို့ ရောင်းချလိုက်သည့် လက်နက်များကို ပြည်တွင်းစစ်တွင် အသုံးချတိုက်ခိုက်နေမှုအပေါ် ဖိအားပေးတားမြစ်မှုများ ပြုလုပ်သင့်သည်ဟု KNO က ဆိုသည်။
ထို့အပြင် ထုတ်ပြန်ချက်ကိုလည်း ပါကစ္စတန်အစိုးရထံ ပေးပို့တိုက်တွန်းသွားမည်ဖြစ်ကြောင်း KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော်က ပြောဆိုသည်။
တပ်မတော်အနေဖြင့် JF-17 တိုက်လေယာဉ်များ ဝယ်ယူ မယူဆိုသည့် သတင်းကို မသိရှိသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်များအပေါ် တိုက်လေယာဉ်များနှင့် တိုက်မတိုက်ဆိုသည်ကို မသိရှိသဖြင့် ၎င်းအနေဖြင့် ပြောဆိုနိုင်ခြင်းမရှိကြောင်း အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များကြား ဆွေးနွေးညှိနှိုင်းရန် ဖွဲ့စည်းထားသော ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ၏ တပ်မတော်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ပြောဆိုသည်။
“တိုက်လေယာဉ်တွေ ဝယ်တာ ဘာညာတော့ ကျနော်တို့ မသိပါဘူး။ ဒီကိစ္စက ကျနော်နဲ့ မဆိုင်တဲ့ကိစ္စဖြစ်တဲ့ အတွက် ကျနော် လည်း ပြောလို့မရပါဘူး”ဟု ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ဧရာဝတီသို့ ပြောသည်။
မြန်မာ့ တပ်မတော်သည် လက်ရှိအစိုးရသစ် လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး ထိုတိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထုများ အိုးအိမ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်မှုများ ရှိနေဆဲဖြစ်၍ လူထုက ရွေးချယ်တင်မြောက်လိုက်သော သမ္မတဦးထင်ကျော် အစိုးရအနေဖြင့် ယင်းပဋိပက္ခများ အမြန်ဆုံးရပ်စဲနိုင်ရေး စားပွဲဝိုင်း ပေါ်တွင် ဆွေးနွေးနိုင်ရန် ပြုလုပ်သင့်သည်ဟုလည်း KNO က ကြေညာချက်၌ ထောက်ပြထားသည်။
“အခုအစိုးရဟာ လူထုက ရွေးချယ်တင်မြောက်လိုက်တဲ့ အစိုးရဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီနည်းနဲ့ပဲ နိုင်ငံရေး ပြဿနာကို စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးစေချင်တယ်”ဟု KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော်က ပြောသည်။
KNO သည် ကချင် လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA) အဖွဲ့၏ မဟာမိတ်အဖွဲ့ဖြစ်သည်။
KIO/KIA နှင့် မြန်မာ့ တပ်မတော်တို့သည် ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်၂၀၁၁ ခုနှစ် ဇွန် လ ၉ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲများတွင် အစိုးရ တပ်မတော်မှ တိုက်လေယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့ပြီး ထိုတိုက်ပွဲများကြောင့် ဒေသခံ ကချင် လူထု ၁ သိန်းကျော် အိုးအိမ်များ စွန့်ခွာ၍ စစ်ဘေးဒုက္ခသည်အဖြစ် ပုန်းရှောင်ခဲ့ကြရသည်။