မူးယစ်ဆေး ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချတာတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိပြီး တိုင်းရင်းသားဒေသတွေ တည်ငြိမ်အေးချမ်းလာကာ တရားဥပဒေ စိုးမိုးလာမှ ဖြစ်နိုင်တော့မယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ရဲ့ စီမံကိန်းဌာန ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းက ပြောဆိုလိုက်ပါတယ်။
ဇွန် ၂၆ ရက်က နေပြည်တော် MICC – 2 မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအပြီး မီဒီယာများနဲ့တွေ့ဆုံစဉ် ရဲမှူးကြီး ဇော်လင်းထွန်းက အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“၂၁ ရာစုပင်လုံ ညီလာခံ ပီပီပြင်ပြင် ဖြစ်လာပြီဆိုရင် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမှာ အများကြီး အထောက်အကူ ဖြစ်မှာပါ။ ငြိမ်းချမ်းရေးရရင် အတွင်းပိုင်း တွေအထိ ကျနော်တို့ ပီပီပြင်ပြင် လိုက်နိုင်မှာပါ။ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနဲ့ ငြိမ်းချမ်းရေးက အများကြီး ဆက်စပ်ပါတယ်”လို့ ရဲမှူးကြီး ဇော်လင်းထွန်း က ပြောပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းတဲ့နေရာမှာ နည်းလမ်း ၂ မျိုး အသုံးပြုပြီး တမျိုးက မူးယစ်ဆေး သယ်ဆောင်ရာ လမ်းကြောင်းတွေမှာ ကားတွေ၊ ယာဉ်တွေကို စစ်ဆေးခြင်းဖြစ်ကြောင်း၊ နောက်နည်းလမ်းတခုကတော့ သတင်းပေးတွေ အသုံးပြုပြီး ထောက်လှမ်းတဲ့နည်းဖြစ်ကြောင်း သိရပါတယ်။
သတင်းရတဲ့အခါ ဖမ်းမိဖို့ ကြိုးစားရင် သုံးစွဲသူနဲ့ လက်ခွဲရောင်းချသူများကိုသာ ဖမ်းနိုင်ပြီး တကယ်လှုပ်ရှားနေတဲ့ လက်ကြီးရောင်းချသူတွေနဲ့ ဂိုဏ်းချုပ်တွေဟာ ငြိမ်းချမ်းမှု မရသေးတဲ့ တိုင်းရင်းသားဒေသတွေဆီက ဖြစ်နေလို့ နောက်ဆုံး လက်လျှော့ပေးလိုက်ရတာတွေ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲမှူးကြီး ဇော်လင်းထွန်းက “မိတဲ့ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် လမ်းကြောင်းမှာပဲ များပါတယ်။ ကားဆရာ ရမယ်။ အဲဒီကတဆင့် ထပ်လိုက်ရင် အလယ်က တဆင့် ဖြန့်ဖြူးတဲ့သူ ရတယ်။ အဲဒီက နောက်တဆင့် ထပ်စုံစမ်းတဲ့အခါကျတော့ ခက်သွားပြီ။ စုံစမ်းလို့ရရင်လည်း သတင်း အတွင်းပိုင်းက နယ်စပ်ဖက်ကို ရောက်သွားတယ်။ အဲဒီနေရာတွေကျတော့ တရားဥပဒေ စိုးမိုးမှု မရှိသေးတဲ့နေရာဖြစ်လို့ ပျက်သွားတယ်”လို့ ပြောပါတယ်။
အဲဒါကြောင့် ဘိန်းစိုက်ပျိုးမှု အပါအဝင် ဖြန့်ချိမှုတွေဟာ နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နေရာမှာ များပြားပြီး အဲလိုလုပ်ငန်းတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ ကိုယ်တိုင် မလုပ်တောင်မှ ၎င်းတို့ နယ်မြေထဲမှာ စက်ရုံတွေ ဆောက်ခွင့်ပေးတာ၊ စောင့်ရှောက်ပေးတာ၊ ဆက်ကြေး ကောက်တာတွေ ရှိနေသေးတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။
မူးယစ်ဆေး အများကြီး မိထားတဲ့ ဖြစ်စဉ်တွေဖြစ်တဲ့ မူဆယ်မှာမိတဲ့ မူးယစ်ဆေးပြား ၂ ဒသမ ၁ သန်းကျော်၊ ၂၀၁၅ ဇူလိုင်လက ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် အနီး ကားလမ်းနားမှာ မိတဲ့ မူးယစ်ဆေးဝါး ၂၆၇ သိန်းနဲ့ မောင်တောမြို့မှာ ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ အပါအဝင် ဖြစ်စဉ်ကြီး ၅ ခုလောက်မှာ မူရင်းဖြန့်ချိ ရောင်းချတဲ့ နေရာကို မဖော်ထုတ်နိုင်သေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
“ချက်ချင်းမိတဲ့သူတွေပဲ ရတယ်။ အလယ်က တဆင့် ဖြန့်တဲ့သူတွေပဲ ရတယ်။ ဂိုဏ်းအဖျား ထိလိုက်တဲ့ အခါမှာတော့ ကျနော်တို့မှာ ခက်ခဲနေတုန်းပဲ ရှိပါသေးတယ်”လို့ ရဲမှူးကြီး ဇော်လင်းထွန်းက ဆိုပါတယ်။
အစိုးရသစ်ရဲ့ရက် ၁၀၀ အတွင်းမှာ မူးယစ်ဆေး အထူးစစ်ဆင်ရေး အဖြစ် ရန်ကုန်၊ မန္တလေးမှာ လုပ်ဆောင်နေသလို အခြား ပြည်နယ်နဲ့ တိုင်းတွေမှာလည်း လုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်နေပေမယ့် မူးယစ်ဆေးဝါးကို ထိန်းချုပ်နိုင်ဖို့ အခက်အခဲတွေ ရှိနေတုန်းပါ။
မူးယစ်ဆေးဝါးကို ထိန်းချုပ်နိုင်ဖို့အတွက် ၂၀၁၅ ခုနှစ်က တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ အစိုးရက ပူးပေါင်းပြီးတော့ တိုင်းရင်းသား ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး၊ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွေ ကျဆင်းရေး ကို ဆောင်ရွက်နေတယ်လို့ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဒီနေ့ ကျင်းပတဲ့ အခမ်းအနား အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။
“ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းများမှတဆင့် ကျနော်တို့နိုင်ငံရဲ့ မူးယစ် ပြဿနာကို သိသိသာသာ လျော့နည်း ကျဆင်းသွားအောင် ဆောင်ရွက်နိုင်ဖို့ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်”လို့ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။