ထိုင်းအစိုးရက မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးလိုက်သည့် “ဝ” အမျိုးသားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ “ဝ” အမျိုးသား တပ်မတော် (WNO/WNA) ၏ ဒု စစ်ဦးချုပ် ဒု ဗိုလ်မှူးကြီး တာ့မဟာကို WNO အဖွဲ့မှ တရားဝင် ထုတ်ပယ်လိုက်ကြောင်း သိရသည်။
ဒု ဗိုလ်မှူးကြီး တာ့မဟာကို ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က ချင်းမိုင်ခရိုင် ပါတက်မြို့နယ်၌ Ice အမည်ရ မူးယစ်ဆေး ၁၀ ကီလို၊ ဘိန်းမည်း ၄ ပိဿာ၊ ထိုင်းဘတ်ငွေ ၆ သန်းကျော်နှင့်အတူ ထိုင်းမူးယစ်ဝါး နှိမ်နင်းရေး အထူးတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
WNO အတွင်းရေးမှူး ဗိုလ်မှူး တာ့အိုက်ညွှန့် က “ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေက ကျနော်တို့ အဖွဲ့နဲ့ ပတ်သက်မှု လုံးဝမရှိပါဘူး။ သူဒီလို လုပ်နေတယ် ဆိုတာကိုလည်း အဖွဲ့အနေနဲ့ မသိရဘူး။ ကျနော်တို့ အဖွဲ့မှာလည်း မူးယစ်တိုက်ဖျက်တဲ့ မူဝါဒက ရှိပြီးသား ဖြစ်တယ်။ ဒါကြောင့် ဒီလို ပတ်သက်မှုတွေ ရှိလာတယ်ဆိုတာ သိပြီးတဲ့နောက် သူ့ကို အဖွဲ့က ထုတ်ပယ်လိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒု ဗိုလ်မှူးကြီး တာ့မဟာသည် WNO ၏ ဒုဥက္ကဋ္ဌ တာဝန်အား ၂၀၁၁ ခုနှစ်မှစ၍ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လွန်ခဲ့သည့် ၅ လ ခန့်မှစ၍ အဖွဲ့၏ ညီလာခံနှင့် အစည်းအဝေး တချို့ကို တက်ရောက်ခြင်း မရှိခဲ့ဘဲ အဆက်အသွယ် ပြတ်တောက်နေခဲ့သည်ဟု သူက ဆိုသည်။
WNO အဖွဲ့၏ မူဝါဒမှာ အဖွဲ့ချုပ်ကို ထိခိုက်နိုင်သော ကိုယ်ကျင့်တရား ပျက်ပြားခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်းနှင့် တခြားသော အဖွဲ့ချုပ်ကို ထိခိုက်စေခြင်းများ ပြုလုပ်ပါက သတိပေးခြင်း၊ တာဝန်မှ ရုပ်သိမ်းခြင်း၊ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခြင်း ပြုလုပ်မည်ဟု ပါရှိသည်။
ထို့အတွက် WNO/WNA ၏ ဗဟိုကော်မတီက ၂၀၁၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ဒု ဗိုလ်မှူးကြီး တာ့မဟာ ကို ထုတ်ပယ်ပြီးဖြစ်ကြောင်း သဘောထား ကြေညာချက်တစောင် တရားဝင် ထုတ်ပြန်ခဲ့သည်။
WNO/WNA အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု၏ အဖွဲ့ဝင် တဖွဲ့ဖြစ်ပြီး၊ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် အဖွဲ့ဖြစ်သည်။
WNO/WNA အဖွဲ့ကို ၁၉၇၆ ခုနှစ်တွင် တာ့မဟာစန်းနှင့် တာ့အိုက်ရှောက်စွေ တို့က စတင် တည်ထောင်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်နှင့် ရှမ်း-ကယား နယ်စပ်တို့တွင် အခြေစိုက်ထားသည့် အဖွဲ့ဖြစ်သည်။
လက်နက်ကိုင် အင်အားနည်းသည့် အဖွဲ့ဖြစ်၍ NCA ကို လက်မှတ်ထိုးစရာ မလိုဘဲ နိုင်ငံရေးဆွေးနွေးပွဲသို့ တိုက်ရိုက် ဝင်ရောက် ဆွေးနွေးနိုင်ကြောင်း ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဖိတ်ခေါ်ခြင်းခံခဲ့ရသည်။