မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်၏ ကိစ္စရပ်များအား စီမံခန့်ခွဲရာတွင် အားနည်းချက်များ ရှိနေသည်ဟုဆိုကာ လက်ရှိ ဂေါပကအဖွဲ့ကို ယာယီဂေါပကအဖွဲ့အဖြစ် အဆင့် လျှော့ချလိုက်ကြောင်း သိရသည်။
ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက “အားလုံးက စနစ်တကျမရှိဘဲ မထိန်းနိုင်မသိမ်းနိုင် ဖြစ်နေတယ်။ အဲဒီအပြင် မူးယစ်ဆေးဝါးရောင်းဝယ်မှုအပါအဝင် ဒုစရိုက်လုပ်ငန်းတချို့တောင်မှ စလုပ်နေကြပြီဆိုတဲ့ တိုင်ကြားမှုတွေရှိထားတယ်။ ဒါတွေအားလုံးက ခြုံကြည့်လိုက်ရင် လက်ရှိဂေါပကအဖွဲ့ရဲ့ အားနည်းချက်လို့ သုံးသပ်ပါတယ်”ဟု ပြောသည်။
ဇွန်လ ၂၇ ရက်က နေပြည်တော်ရှိ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ဝန်ကြီး သူရဦးအောင်ကိုက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
ဘုရားဖူးရာသီတွင် ဟိုတယ်နှင့်တည်ခိုးခန်းခများ ဈေးနှုန်းအလွန်မြင့်မားခြင်း၊ အစားအသောက်ဈေးနှုန်းများ မြင့်မားခြင်း၊ ရေမသန့်ခြင်း၊ အမှိုက်ပစ်စနစ် မကောင်းမွန်ခြင်းနှင့် အလှူခံများက အလှူငွေကောက်ခံရာတွင် ဆိုးဝါးစွာ ကောက်ခံမှုများရှိနေခြင်းများကို စေတီတော် ဂေါပက အဖွဲ့က မထိန်းချုပ်နိုင်သဖြင့် ယခုကဲ့သို့ အရေးယူဆောင်ရွက်ရခြင်း ဖြစ်သည်ဟု သူရဦးအောင်ကိုက ပြောသည်။
လက်ရှိ ဂေါပကအဖွဲ့ကို ယာယီဂေါပကအဖွဲ့အဖြစ် ဇွန်လ ၂၇ ရက်တွင် ကျင်းပသည့်အစည်းအဝေးက သတ်မှတ်လိုက်ပြီးနောက် ဂေါပကအခြေခံစည်းမျဉ်းနှင့် အမိန့်ညွှန်ကြားချက်များကို သာသနာရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဂေါပကအဖွဲ့နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ချိတ်ဆက်ရေးဆွဲသွားမည်ဟု သိရသည်။
ထွက်ပေါ်လာမည့် ဂေါပကစည်းမျဉ်းနှင့်အညီ ကျိုက်ထီးရိုးစေတီတော်ကြီး၏ ဂေါပကအဖွဲ့သစ် ပြန်လည်ဖွဲ့စည်းရာ၌ အသိပညာရှင်၊ အတတ်ပညာရှင်နှင့် သမာအာဇီဝ အလုပ်များဖြင့် အသက်မွေးကျောင်းသည် ရပ်မိရပ်ဖများ ပါဝင်နိုင်ရန် စီစဉ်ထားသည်ဟု သူရဦးအောင်ကိုက ပြောသည်။
ထို့အပြင် ကျိုက်ထီးရိုးစေတီနှင့် ပတ်သက်၍ ပြည်သူလူထုက တိုင်ကြားမှုအများဆုံးကိစ္စမှာ အလှူခံကိစ္စဖြစ်ကြောင်း၊ အလုှူခံလုပ်ငန်းများကို လေလံဆွဲခိုင်းပြီး လုပ်ပိုင်ခွင့်ရသူများက လုပ်ငန်းကို တဆင့်ပြန်လည်ရောင်းချသဖြင့် ယခုကဲ့သို့ပြဿနာများ ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“ဒီလုပ်ငန်းတွေကို လက်လွှဲရရှိတဲ့ ကန်ထရိုက်၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေနဲ့ ရင်နှီးထားတဲ့ ပမာဏငွေကြေးက များတဲ့အတွက် ဒီရင်းနှီးထားတဲ့ ပမာဏအတွက်ကို အလှူခံငွေတန်ဖိုးမြင့် ကောက်ခံတာ၊ အစားအသောက် အတွက်လည်း ဈေးနှုန်းကို ပိုပြီးမှအမြတ်တင်တာ၊ တည်းခိုခန်းစရိတ်၊ ဟိုတယ်အခန်းငှားခတွေ ဈေးနှုန်းမြှင့်တင်တာမျိုးတွေ လုပ်လာတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးသည် နိုင်ငံတော်အကြီးအကဲ၏ တာဝန်ပေးချက်အရ ကျိုက်ထီးရိုးဘုရားတွင် တညအိပ်၍ ရပ်မိရပ်ဖ၊ ဂေါပကအဖွဲ့နှင့် ဟိုတယ်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ရာ ရိုးရိုးလေးကုမ္ပဏီသည် ဟိုတယ်ဆောက်လုပ်ခွင့်ပြုထားသည့် အခန်း ၁၃၅ ခန်းအပြင်၊ ခွင့်ပြုချက်မရှိဘဲ အခန်း ၁၀၆ ခန်းကို ကိုယ့်သဘောနှင့်ကိုယ် ဆောက်လုပ်ထားသည်ကိုတွေ့ရှိခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
“အဲဒီ ၁၀၆ ခန်းကို ဟိုတယ်ခရီးဝန်ကြီးကိုယ်တိုင်က ဖျက်သိမ်းဖို့ညွှန်ကြားခဲ့တယ်။ ညွှန်ကြားချက်အတိုင်း ဒီနေ့ကစပြီးတော့ တလအတွင်း အပြီးဖျက်သိမ်းရမယ်။ တကယ်လို့ ဒီအမိန့်ဆုံးဖြတ်ချက်ကိုနာခံဖို့ ပျက်ကွက်ခဲ့သည်ရှိသော် ဒီတောင်ပေါ်မှာရှိတဲ့ အဲဒီပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းရမယ်ဆိုပြီး ဒီနေ့အစည်းအဝေးကနေ ကန့်ကွက်သူမရှိ ဆုံးဖြတ်ထားတယ်”ဟု ဝန်ကြီးသူရဦးအောင်ကိုက ပြောသည်။
ဟိုတယ်နှင့်ခရီးဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို နိုင်ငံတော်အကြီးအကဲထံ အစီရင်ခံစာတင်ပြပြီးဖြစ်ကြောင်း၊ ကျိုက်ထီးရိုးစေတီနှင့် ပတ်ဝန်းကျင်ကို ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်ကာ ကမ္ဘာ့ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(ယူနက်စကို) သို့ တင်ပြသွားမည်ဟုသိရသည်။