ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖမ်းဆီးရမိသော ကျပ် သန်း ၃၀၀၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ အဓိက တရားခံ ဖြစ်သူ ၏ အထောက်အထားများ ရရှိထားပြီဖြစ်၍ မကြားမီ ဖမ်းမိတော့မည်ဟု စစ်တွေ အမှတ် ၂ ရဲစခန်းမှူး ရဲအုပ် အောင်မြင့်ဦးက ဧရာဝတီသို့ ပြောသည်။
ရဲအုပ် အောင်မြင့်ဦးက “မူးယစ်ဆေးတွေက ရန်ကုန်ကပို့လာတာ ဖြစ်တဲ့အတွက် ရန်ကုန်တိုင်းက တာဝန်ရှိသူတွေနဲ့ပါ ပူပေါင်း လုပ်ဆောင်နေပါတယ်၊ ပိုင်ရှင်ဖြစ်သူရဲ့ အထောက်အထားတွေ ခိုင်ခိုင်လုံလုံရထားပြီ၊ မိတော့မှာပါ”ဟု ပြောပြ သည်။
ယင်း WY နှင့် R တံဆိပ်ပါ မူးယစ်ဆေးဝါး ၈ သိန်း နီးပါးကို ရန်ကုန်မြို့မှ စစ်တွေသို့ ကုန်လမ်းမှ ကုန်ပစ္စည်းများနှင့် ရောနှော ၍ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ်သန်း ၃၀၀၀ နီးပါးရှိ ထို မူးယစ်ဆေးဝါးများကို ဇွန်လ ၂၇ ရက်နေ့ တွင် စစ်တွေမြို့ အမှတ်(၂) ဘုတ်ဆိပ်မှ မောင်တောမြို့သို့ စက်လှေဖြင့် ဆက်လက် ပို့ဆောင်ရန်ပြင်ဆင်နေစဉ် ဖမ်းမိ ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မူးယစ်ဆေးဝါး သယ်ဆောင်လာသူက ဆက်သွယ်ခဲ့သည့် ပစ္စည်းလက်ခံမည့်သူဟု ယူဆရသော မောင်တောမြို့ခံ အမျိုးသား တဦးကိုလည်း ဇွန်လ ၂၈ ရက်တွင် ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
စစ်ဆေး ဖော်ထုတ်ချက်များအရ မူးယစ်ဆေးဝါးများကို ရန်ကုန်မှ စစ်တွေသို့ပို့ဆောင်၍ ဘူးသီးတောင်၊ မောင်တောမြို့မှ တဆင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ပို့ဆောင်ရန်ဖြစ်ကြောင်း သိရသည်ဟုလည်း စစ်တွေရဲစခန်းက ပြောသည်။
စစ်တွေမြို့ ဒေသခံ ကိုနိုင်နိုင်က “ဒီလို မူးယစ်ဆေးဝါးအမှုတွေမှာ တဆင့်ခံတွေပဲ ဖမ်းနေလို့ မပြီးပါဘူး၊ နောက်ကွယ်က လူတွေပါ ဖော်ထုတ်ဖမ်းဆီးဖို့ လိုပါတယ်၊ ဒီနေရာမှာ အကျင့်ပျက် ဝန်ထမ်းတွေရှိလာရင် သူတို့ကိုပြန်စိစစ် အရေးယူဖို့ အဖွဲ့ တဖွဲ့ လိုနေတာပါ”ဟု ပြောသည်။
အမှုနှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါးများ လက်ဝယ်ဖမ်းဆီးရမိသူ အသက် ၂၄ နှစ်အရွယ် ကျော်သူလင်း ကို စစ်တွေ ရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပြစ်မှု ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။