နေပြည်တော်၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန က ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရန် ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသား စိုက်ပျိုးရေး ပညာရှင်မှာ နှလုံး အဓိကသွေးကြောများ ပိတ်ဆို့မှုဖြင့် သေဆုံးသွားကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ အဆိုအရ အသက် ၅၉ နှစ်အရွယ်ရှိ အိန္ဒိယနိုင်ငံသား စိုက်ပျိုးရေး ပညာရှင် မစ္စတာ Nageswara Rao Vajaha သည် ဒကိ္ခဏသီရိမြို့နယ် ရှိ Royal Ace Hotel အခန်းအမှတ် ၁၆၃၃ တွင် တည်းခိုနေထိုင်စဉ် အခန်းတွင်းရှိ ကုတင်ပေါ်တွင် လဲကျနေကာ နှာခေါင်းသွေးများ ယိုစီးလျက် သေဆုံးနေခြင်းဖြစ်သည်။
“မှုခင်းဆရာဝန်တွေရဲ့ ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူဟာ နှလုံးရဲ့ အဓိက သွေးကြောတွေ ပိတ်ဆို့သွားရာက သေဆုံးတယ်လို့ သိရပါတယ်။ သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်။ မနေ့ကတည်းက သူ့ရဲ့ မိသားစုဝင်တွေကိုရော၊ အိန္ဒိယသံရုံးကိုပါ အကြောင်းကြားပြီးသွားပါပြီ”ဟု ဒကိ္ခဏသီရိမြို့နယ် ရဲစခန်းမှူး ရဲအုပ်ကျော်ခိုင်က ဧရာဝတီသို့ ပြောသည်။
သေဆုံးသူ Mr. Nageswara Rao Vajaha သည် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ဇွန် ၂၇ ရက်နေ့ကတည်းက ဟိုတယ်တွင် တည်းခိုရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ဇွန် ၂၉ ရက်တွင် အစည်းအဝေး မတက်ရောက်သည့်အတွက် သေဆုံးသူနှင့် အတူ အစည်းအဝေး တက်ရောက်သည့် ဗြိတိန်နိုင်ငံသား Mr. Steven Davis နှင့် ဟိုတယ်ဝန်ထမ်းက သွားရောက်ကြည့်ရှု့မှ သေဆုံးနေသည်ကို သိရကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။