ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှ ဒေသခံ ပြည်သူ ၇ ဦး ယခုအပတ်အတွင်း အသတ်ခံခဲ့ရခြင်း နှင့် ပတ်သက်၍ ၎င်းတို့၏ မိသားစုများနှင့် ဒေသခံများက အစိုးရတပ်မတော် အပေါ် စွပ်စွဲခဲ့ကြသည်။
ဇွန်လ ၂၈ ရက်နေ့က လားရှိုးမြို့နယ်အတွင်း ကျေးလက်ဒေသ တခုတွင် ဆိုင်ကယ်စီးလာသည့် လူငယ် ၂ ဦး ပစ်သတ် ခံရမှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ဒေသခံ သတင်း အရင်းအမြစ်များ၏ အဆိုအရ အစိုးရတပ်သားများက ဆိုင်ကယ်စီးလာသည်ကို ရပ်တန့်ရန် အမိန့်ပေး သည်ကို ရပ်တန့်ခြင်းမပြုသည့်အတွက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အပစ်ခံရသူများသည် မည်သူမည်ဝါ ဖြစ်သည်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။
ဇွန်လ ၂၈ ရက်နေ့တွင်ပင် မိုင်းယော် ကျေးရွာမှ ရွာသား ၅ ဦးကိုလည်း အမှတ် ၃၆၂ ခြေမြန်တပ်ရင်းမှ တပ်သားများက သူတို့ ယာခင်းအတွင်း ရှိနေစဉ် လာရောက်ဖမ်းဆီး၍ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရကြောင်း မိသားစု ဝင်များက ပြောသည်။
နောက်တနေ့တွင် ထိုသူတို့၏ အလောင်းများကို ယင်းကျေးရွာ ဝန်းကျင်ရှိ တောင်ကုန်းတခုအနီး ပြောင်းခင်းထဲတွင် မြှုပ် ထား သည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
အဆိုပါ ရွာသား ၅ ဦး မည်သည့်အချိန်က မည်သို့ အသတ်ခံခဲ့ရသည်ကို အတိအကျ မသိရှိရသေးပါ။
မိသားစုများက ဈာပန အခမ်းအနားများကို ဇွန်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း၊ သေဆုံးသူ ၅ ဦးတွင် ၄ ဦးမှာ ပလောင် လူမျိုးဖြစ်၍ ကျန် ၁ ဦးသည် ရှမ်း လူမျိုး ဖြစ်ပြီး အသက် ၂၀ မှ ၃၉ နှစ် အတွင်း ရှိသူများ ဖြစ်ကြကြောင်း သိရသည်။
“သူတို့ကို ဗမာစစ်တပ်က ခေါ်သွားတာ၊ သူတို့ကို ဗမာစစ်တပ်က သတ်တယ်လို့ သူတို့မိသားစုတွေက စွပ်စွဲခဲ့ကြပါတယ်။ သူတို့က ယာခင်းထဲမှာ အလုပ်လုပ်နေရင်း အဖမ်းခံရတာ ဖြစ်ပါတယ်”ဟု ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်လန်ခမ်းကပြောသည်။
“အဖမ်းခံရတဲ့ လူ ၅ ယောက် ဘယ်လို အသတ်ခံရတယ်ဆိုတာ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် (ဆိုင်ကယ်စီးလာတဲ့) လူ ငယ်၂ ယောက်ကတော့ လမ်းပေါ်မှာ အပစ်ခံရတာပါ”ဟုလည်း ၎င်းက ပြောပြသည်။
ကျန်ရစ်သူမိသားစုများက အစိုးရတပ်ကို တရားဥပဒေအရ ရင်ဆိုင်မည့်အချိန် စောင့်ဆိုင်းနေသည်ဟုလည်း ဦးစိုင်းဝမ် လန်ခမ်း ကပြောသည်။ သူတို့ကို ကူညီရန် ပြင်ဆင်သည့် အနေဖြင့် သတင်းအချက်အလက်များ စုဆောင်းခဲ့သည်ဟု လည်း သိရသည်။
“ကျနော်တို့ ဒေသခံပြည်သူတွေက အစိုးရတပ်ကို ဥပဒေအရ ရင်မဆိုင်ရဲဘူး။ တကယ်လို့ သူတို့က တောင်းဆိုခဲ့ရင်တော့ ရဲစခန်းမှာ အမှုဖွင့်ဖို့ ကျနော် ကူညီနိုင်ပါလိမ့်မယ်”ဟု ဦးစိုင်းဝမ်လန်ခမ်း က ဆက်ပြောသည်။
လားရှိုးမြို့သည် အစိုးရတပ်၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရုံးစိုက်သည့် နေရာဖြစ်သည်။ စစ်သည် အင်အားများပြား စွာရှိနေသည့် နေရာဖြစ်ပြီး ပတ်ဝန်းကျင် ကျေးလက်ဒေသများတွင်လည်း တပ်စခန်းများ ရှိနေသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းသည် အစိုးရတပ်ဖွဲ့များနှင့် ပဋိပက္ခဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ အများ ဆုံး ရှိနေသည့် နေရာဖြစ်သည်။
ယမန်နှစ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း နှင့် ကချင် လွတ်မြောက်ရေး တပ်မတော်တို့ ပါဝင်ခဲ့ကြသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ခိုက်ရသည့် စစ်ဆင်ရေးများတွင် အစိုးရတပ်ဖွဲ့များက တိုင်းရင်းသား အဖွဲ့ များ ကို ထောက်ခံသည့် အရပ်သားပြည်သူများ အား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ပေါ်တာများ အဖြစ် အဓမ္မခိုင်းစေခြင်းများ ရှိသည်ဟု စွပ်စွဲမှုများလည်း ရှိခဲ့သည်။
ယခုလအတွင်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အစိုးရတပ်၏ နှိပ်စက်မှုများကို ရင်ဆိုင်ခဲ့ရသည့် ပလောင် (တအာင်း) တိုင်းရင်းသားများ အကြောင်းကို ဖော်ပြသည့် “Trained to Torture” အမည်ရှိ အစီရင်စံစာ ကို ပလောင် (တအာင်း) အမျိုးသမီး အဖွဲ့ က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်လများအတွင်း ရှမ်းပြည်နယ်မှ အချို့မြို့နယ်များတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တင်းမာမှု များဖြစ် ပွားခဲ့ရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အရပ်သားပြည်သူများ အပေါ် အပြစ်ကျူးလွန်ခဲ့သည် ဆိုသော စွပ်စွဲမှုများလည်း ရှိခဲ့သည်။