မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အသက် ၂ လ အရွယ် ကလေးငယ် ၁ သိန်းကျော်ကို ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဈေး အခမဲ့ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ဒေသတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် ဖြစ်ပွားသည့် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ကလေးငယ်များ သေဆုံးမှု လျှော့နိုင်ရန် တလလျှင် ကလေးငယ် ဦးရေ ၉၀၀၀ ခန့်ကို အခမဲ့ထိုးပေးမည်ဖြစ်ပြီး ၁ နှစ်တာ စီမံချက် အရ ကလေးငယ် ၁ သိန်းကျော်ကို ထိုးနှံပေးနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
”ဒီနေ့စပြီး လုပ်ဆောင်နေပါပြီ။ သွားလာဖို့ ခက်ခဲတဲ့ နေရာတွေကိုတော့ တပတ်အတွင်း အပြီးသတ် ထိုးပေးနိုင်ဖို့ လျာထားဆောင်ရွက်နေပါတယ်” ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တိုင်းဆရာဝန်ကြီး ဒေါက်တာ ဝင်းနိုင်က ပြောသည်။
၁ နှစ်အောက် ကလေးငယ်များကို ၃ ကြိမ် ထိုးနှံပေးရမည်ဖြစ်ရာ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် PCV 10 ကာကွယ်ဆေးကို အသက် ၂ လ၊ ၄ လ နှင့် ၆ လအရွယ်တို့တွင် ထိုးနှံပေးရန် စီစဉ်ထားပြီး ပုံမှန်အတိုင်း ၅ မျိုးစပ် ကာကွယ်ဆေး၊ ပိုလီယိုရောဂါ ကာကွယ်ဆေး တို့ကိုလည်း ဆက်လက် ထိုးနှံရမည်ဟု သိရသည်။
ချမ်းအေးသာစံမြို့နယ်၊ ပြည်သူ့ကျန်းမာရေး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ဒေါက်တာလင်းလင်းချစ်ကလည်း“၂ လကျော် ကလေးငယ်တွေကို ဦးစားပေး ထိုးပေးသွားမှာပါ။ အပြင်မှာ ပထမအကြိမ်ထိုးထားပြီး ဒီမှာ ဒုတိယအကြိမ် လာထိုးရင် မရပါဘူး၊ အဲဒီအတွက် ကာကွယ်ဆေးမရနိုင်ပါဘူး။ ၁ နှစ်လုံးအတွက် တွက်ချက် မှာယူထားရတာ ဖြစ်တဲ့အတွက် ပထမအကြိမ် ဆေးလာထိုးမယ့် ကလေးတွေသာ နောက်ထပ် ၂ ကြိမ် ထိုးခွင့်ရမှာ ဖြစ်ပါတယ်။ အပြင်မှာ ပထမအကြိမ် ထိုးထားတဲ့ ကလေးတွေက အပြင်မှာပဲ ဆက်လက်ထိုးရမှာပါ” ဟုရှင်းပြသည်။
ကာကွယ်ဈေးမထိုးမီ ကလေးငယ်တွင် အခြားရောဂါဖြစ်ပွားနေခြင်း ရှိ၊ မရှိ ပြောပြရန် လိုအပ်ပြီး အနည်းငယ် နေမကောင်းဖြစ်နေပါက ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေး ထိုးနိုင်ကြောင်း၊ ဆေးထိုးပြီးနောက် ထိုးထားသည့် နေရာတွင် အနည်းငယ်နီမြန်းခြင်း၊ နာကျင်ခြင်းများ၊ ဂျီကျခြင်း အိပ်ငိုက်ခြင်း၊ မစားမသောက်ချင်ဖြစ်ခြင်း၊ အဖျားတက်ခြင်းသာရှိနိုင်ပြီး အခြားပြင်းထန်သော ဘေးထွက်ဆိုးကျိုးမရှိဟု သိရသည်။
ယင်းရောဂါသည် ကလေးငယ်များသာမက ဆေးလိပ် နှင့် အရက် အလွန်အကျွံသောက်သုံးသူများ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ စသည့် နာတာရှည် ရောဂါဝေဒနာရှင်များ၊ တုပ်ကွေး ရောဂါပိုး ကူးစက်ခံထားရသူများတွင် အန္တရယ်ရှိနိုင်သည့် ရောဂါဖြစ်ကြောင်း သိရသည်။
အဆိုပါ ရောဂါပိုးကြောင့် ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ သွေးတွင်ဘက်တီးရီး ယားအဆိပ်တက်ခြင်း၊ သွေးထဲတွင် ဘက်တီးရီးယားပိုးများ ဝင်ရောက်ကာ အခြားနေရာများတွင် ဆက်လက် ကူးစက် သောရောဂါများဖြစ်ခြင်း စသည့်ပြင်းထန်ရောဂါများနှင့် နားအတွင်းပိုင်းရောင်ခြင်း၊ နှာခေါင်းလေအိတ်ရောင်ခြင်း၊ လေပြွန် ရောင်ခြင်းစသော သာမန်ရောဂါများ ဖြစ်စေတတ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် ကို ယခုနှစ်မှ စတင်ခြင်းဖြစ်ပြီး နိုင်ငံတဝှမ်းရှိ မွေးကင်းစမှ အသက် ၅ နှစ်အထိ ကလေးများကို PCV အပါအဝင် ကာကွယ်ဆေး အမျိုးအစား စုစုပေါင်း ၁၀ မျိုး ထိုးနှံပေးလျက်ရှိရာကြောင်း သိရသည်။
ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေး PCV 10 သည် ဘက်တီးရီးယားပိုး အမျိုးအစားကွဲ ၁၁ မျိုးကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။