ယခင်က အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဦးဆောင် ဆောင်ရွက်ခဲ့သည့် ကျောင်းပြင်ပ ပညာရေး အစီအစဉ်ကို အစိုးရသစ်၏ မူဝါဒအရ ပညာရေး ဝန်ကြီးဌာနက စတင် ပူးပေါင်း ဆောင်ရွက်တော့မည် ဖြစ်ရာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း တထောင်သုံးစွဲ၍ ကျောင်းပြင်ပ ပညာရေးနှင့် တသက်တာ ပညာရေး ဦးစီးဌာနကိုပါ ဖွဲ့စည်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်း ရရှိသည်။
“အစိုးရသစ်ရဲ့ မူဝါဒကြောင့် ပညာရေး ဝန်ကြီးဌာနက အခုမှ ကျောင်းပြင်ပ ပညာရေးမှာ ဝင်တာပါ။ ပထမဆုံးကတော့ သက်ဆိုင်သူတွေနဲ့ စုဖွဲ့ဆွေးနွေး ချိတ် ဆက်မှုတွေ စနေပါပြီ။ အခုလည်း ဖိုရမ်တွေ လုပ်ပြီး စပါပြီ”ဟု ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်မြဲက ဧရာဝတီသို့ ပြောသည်။
ကျောင်းပြင်ပ ပညာရေး အစီအစဉ်အရ Alternative Education Forum ကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ပြီး ဖိုရမ်သို့ ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ ကလေးငယ်များအတွက် ပညာရေးဆောင်ရွက်နေသူများ၊ မသန်စွမ်း ကလေးငယ်များအတွက် ပညာသင်ယူခွင့် ရရှိရေး ဆောင်ရွက်နေသူများနှင့် ပညာရေးဆိုင်ရာ လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
ကျောင်းပြင်ပ ပညာရေးဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်နေသည့် ကလေးများကို အသိပညာ၊ အတတ်ပညာများ သင်ယူပေး ခြင်းအပြင် အသက်အရွယ်အားဖြင့် ပညာသင်ယူနိုင်သည့် အရွယ်မှစ၍ သေဆုံးသည်အထိ လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း၊ ကျောင်းပြင်ပမှ ကျောင်းပြန် တက်နိုင်ရေးအတွက်လည်း အစိုးရတွင် တန်းညှိပညာရေး အစီအစဉ်လည်း ရှိကြောင်း ပညာရေး သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်မြဲက မီဒီယာများသို့ ပြောသည်။
“ပညာရေး ဝန်ကြီးဌာနရဲ့ မူဝါဒဆိုရင် ကျောင်းပြင်ပ ပညာရေးနဲ့ ယှဉ်တွဲပြီးတော့ နိုင်ငံသူ နိုင်ငံသားတွေ နိုင်ငံကို တည်ဆောက်ဖို့ လိုအပ်တဲ့ အသိအညာ၊ ကျွမ်းကျင်မှု၊ ဗဟုသုတ ပေးမယ့် ပညာရေး အစီအစဉ်ကို ဖော်ဆောင်မှာပါ”ဟု ဒေါက်တာ ခိုင်မြဲက ပြောသည်။
ကျောင်းပြင်ပ ပညာရေး အစီအစဉ်တွင် သင်သူလိုသူများထံသို့ သွားရောက်၍ ဖြစ်စေ၊ လာရောက်သင်ယူနိုင်သူ ဖြစ်ပါက ပညာရေး အစီအစဉ်ရှိရာ နေရာ တွင် ဖြစ်စေ၊ သင်ယူလိုသူ၏ အသက်အရွယ်၊ သင်ယူလိုသူ၏ စိတ်ဝင်စားသည့် အကြောင်းအရာပေါ် မူတည်၍ ဆုံးဖြတ်မည် ဖြစ်ကြောင်း ဖိုရမ်သို့ တက်ရောက် လာသည့် ပညာရေး ကျွမ်းကျင်သူတဦး ဖြစ်သူ ဦးတင်ညွှန့်က ပြောသည်။
“သင်ယူသူတွေကို အချိန်တိုကာလအတွင်း သတ်မှတ်ထားတဲ့ အစီအစဉ်ကို စနစ်တကျ သင်ကြားခွင့်၊ သင်ယူခွင့် ပေးသွားတာဟာ ကျောင်းပြင်ပ ပညာရေး ဖြစ်ပါတယ်”ဟု ဦးတင်ညွန့်က ပြောသည်။
ကျောင်းပြင်ပ ပညာရေး အစီအစဉ်တခု ဖြစ်သည့် တန်းညှိပညာရေး အစီအစဉ်ကို ၂၀၀၈ ခုနှစ်မှ စတင်၍ ပညာရေး ဝန်ကြီးဌာနက ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ ကျောင်းသား ၆ သောင်းကျော် ပညာသင်ယူနိုင်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံ မဲဆောက်ဒေသမှ ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များကို ယခုနှစ်မှစ၍ ပညာရေးဝန်ကြီးဌာနက စတင်ထောက်ပံနေပြီး ၄ တန်း၊ ၈ တန်း ကလေးငယ်များကို မဲဆောက်တွင်ပင် အစိုးရစာမေးပွဲ ဖြေဆိုခွင့်ပြုခြင်း၊ ယခင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရွှေ့ပြောင်းနေထိုင်သူ ၁၀၀ ခန့် မြဝတီမြို့တွင် ဖြေဆိုခွင့်ပြုခဲ့ရာ ၁၇ ဦး အောင်မြင်ခဲ့သည်ဟုလည်း သိရသည်။
“Migrant Learning Center လေးတွေ ဖွင့်ထားကြတယ်။ သူတို့ကတော့ အထောက်အပံ့နဲ့ ရပ်တည်ရတာ။ မဲဆောက်မှာ ၇၄ ကျောင်းရှိတာ အခု ၆၄ ကျောင်းပဲ ရှိတော့တယ်။ အဲဒီမှာ မြန်မာစာ၊ မြန်မာသင်ရိုးနဲ့ ကိုက်ညီတဲ့ သင်ရိုးတွေသင်ကြတယ်”ဟု ပညာရေး ကျွမ်းကျင်သူ ဦးတင်ညွှန့်က ပြောသည်။
လတ်တလော ကျောင်းပြင်ပ ပညာရေးကို အစိုးရက စတင်ဝင်ရောက်ဆောင်ရွက်ခြင်း ဖြစ်သဖြင့် ရေရှည် အကျိုးရလဒ်များအတွက် အချိန်ယူ ရဦးမည်ဖြစ်ပြီး ယနေ့ ဖိုရမ်မှ ရရှိလာသည့် ရလဒ်၊ အကြံပြုချက်များအပေါ် မူတည်၍ ဘတ်ဂျက်တိုးခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ပြောသည်။