မြန်မာနိုင်ငံ၏ အဓိက သစ်တောကြီးအချို့တည်ရှိရာဖြစ်သော ပဲခူးရိုးမဒေသတွင် သစ်ထုတ်လုပ်ခြင်းကို ၂၀၁၇-၁၈ ဘဏ္ဍာ ရေးနှစ်မှ စတင်၍ ၁၀ နှစ်ကြာ ရပ်နားထားမည် ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးအေးချို သောင်းက ထုတ်ဖော်ပြောကြားသည်။
ပဲခူးရိုးမသည် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအတွင်းတွင် တောင်ကုန်းများ သွယ်တန်းနေသည့် နေရာဖြစ်ပြီး တန်ဘိုးကြီးမားသော ကျွန်းသစ်များပေါက်ရောက်သည့် နေရာဖြစ်သော်လည်း အလွန်အကျွံ့သစ်ထုတ်ယူမှုများကြောင့် သစ်တောပြုန်းတီးမှုနှင့် ရင်ဆိုင်နေရသည်။
“ပဲခူးရိုးမက အခုဆိုရင် တောင်ခေါင်းတုံး ဖြစ်နေပြီ” ဟု ဦးအေးချိုသောင်းက ပြောင်ရှင်းနေသော တောင်ကုန်းများ၏ အခြေအနေကို ဇူလိုင်လ ၅ ရက်နေ့က ပြောသည်။ “ဒါကြောင့် ကျနော်တို့က ကုမ္ပဏီတွေရဲ့ သစ်ထုတ်လုပ်မှုကို လာမယ့်နှစ်က စပြီး ၂၀၂၇ ခုနှစ်အထိ ရပ်ဆိုင်းလိုက်မှာ ဖြစ်ပါတယ်” ဟုလည်း ဆိုသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ရှိသော မြန်မာ့သစ်လုပ်ငန်းက ပဲခူးရိုးမမှ သစ်တောကြိုးဝိုင်းများ အားလုံးကို ထိန်းချုပ်သွားမည် ဖြစ်ပြီး ပတ်ဝန်းကျင်ဒေသများမှ ကျေးလက်နေပြည်သူများ သစ်ခုတ်ခြင်းကိုလည်း တားမြစ်သွားမည် ဖြစ်သည်။
ကာကွယ်ထားမည့် ဧရိယာမှာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှ ပဲခူးတိုင်း ရေတာရှည်မြို့နယ် အထိဖြစ်သလို အနောက်ဖက်တွင် ပေါက်ခေါင်းမြို့နယ်အထိ ပါဝင်သည်။
“လတ်တလောမှာတော့ အခုနှစ်ကစပြီး တောင်တန်းတွေအားလုံးမှာ သစ်ထုတ်လုပ်ရေးကို ရပ်ဆိုင်းထားဖို့ အစိုးရက အမိန့် ထုတ်ထားပါတယ်။ ဒါပေမယ့် နောက်နှစ်မှာတော့ တခြားဒေသတွေမှာ ထုတ်လုပ်ရေးကို ပြန်လည် စတင်သွားမှာ ဖြစ်ပါတယ်” ဟု ဦးအေးချိုသောင်းက ပြောသည်။ ပဲခူးရိုးမ ပတ်ဝန်းကျင် သစ်ထုတ်လုပ်ရေးနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများက အနည်းငယ် ကွဲပြားမှုရှိသည်ဟု သူက ထပ်ပြောသည်။ နောက်လာမည့် ဘဏ္ဍာရေးနှစ်မှ ရပ်နားမည် ဖြစ်သောကြောင့် ဖြစ်သည်။
သစ်ထုတ်သူ အများအပြားက ကျွန်းသစ်များကို ကာလရှည်ကြာစွာ တရားမဝင် ခိုးထုတ်ခဲ့ခြင်းများကြောင့် သစ်တောများနှင့် သဘာဝတောရိုင်းတိရိစ္ဆာန်များ မှီတင်းနေထိုင်မှု ဘဝတို့ ပျက်စီးစေခဲ့သည့် အကြောင်းတခုဖြစ်သည်ဟု ဦးအေးချိုသောင်းက ပြောသည်။ ထိုအချက်သည် ပဲခူးရိုးမကို ကာကွယ်ရေးအတွက် အခြားသော ဆောင်ရွက်မှုများ ပြုလုပ် ရခြင်း၏ ပင်မ အကြောင်းတခု ဖြစ်သည်ဟုလည်းဆိုသည်။
မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်ဖြင့် ကာလကြာရှည်စွာ အုပ်ချုပ်ခဲ့စဉ် အတွင်း (အထူးသဖြင့် ၁၉၉၀ နှစ်များအတွင်း) သစ်ထုတ်လုပ်သူ အများအပြားက တရားဝင်သတ်မှတ်ထားသည့် ပမာနထက် ကျော်လွန်ထုတ်ယူခဲ့ကြသည်။ စစ်ဘက် တာဝန်ရှိသူ အချို့လည်း သစ်ကုန်သွယ်မှုတွင် ပါဝင် ပတ်သက်ခဲ့ကြသည်။
လူသိများသည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့် ဦးတေဇ၏ ထူး ကုမ္ပဏီ အုပ်စုသည် အဓိက သစ်ထုတ် လုပ်သူများ ထဲတွင် အရပ်သားတပိုင်း အစိုးရတက်လာသည့် ၂၀၁၁ ခုနှစ် အထိ ပါဝင်ခဲ့သည်။ ပဲခူးရိုးမတွင် နှစ်စဉ် သစ်တန်ချိန် ၅၀၀၀၀ မှ ၁၀၀၀၀၀ အထိ ထုတ်လုပ်နိုင်သော်လည်း ၂၀၁၁ ခုနှစ်မှစ၍ ကုမ္ပဏီများကို ကုမ္ပဏီ တခုလျှင် နှစ်စဉ် တန်ချိန် ၅၀၀၀ သာ ထုတ်ယူခွင့်ပြုခဲ့သည်ဟု ဦးအေးချိုသောင်းက ပြောသည်။
ထိုအချိန်နောက်ပိုင်း ထူး ကုမ္ပဏီ အုပ်စုက သစ်ထုတ်လုပ်ရေး လုပ်ငန်းမှ ထုတ်လုပ်မှု ရပ်နားသွားခဲ့သည်ဟုလည်း သူက ထပ်ပြောသည်။
“Myanmar Teak Wood ကုမ္ပဏီ၊ Asia Green နဲ့ National Timber Corporation တို့က အခုအချိန်မှာ အဓိက ထုတ် လုပ်သူတွေ ဖြစ်ပါတယ်” ဟု ပဲခူးရိုးမတွင် လက်ရှိထုတ်လုပ်နေသည့် ကုမ္ပဏီများနှင့် ပတ်သက်၍ ဦးအေးချိုသောင်းက ပြောသည်။
နောက်လာမည့် ၁၀ နှစ်အတွင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်း၊ ရှိပြီးသား သစ်တောများကို ကာကွယ်ခြင်းနှင့် ကျေးလက်ပြည်သူများက ထင်းအဖြစ် အသုံးပြုရန် တရားမဝင် သစ်ခုတ်ခြင်းကို တားဆီးသွားမည်ဟု သိရသည်။ ပဲခူးရိုးမ ပတ်ဝန်းကျင်မှ ကျေးရွာများတွင်လည်း သစ်ထုတ်လုပ်မှုကြောင့် သစ်တောပြုန်းတီးမှု ဖြစ်နိုင်ကြောင်း ပညာပေးမှုများလည်း စတင်ဆောင်ရွက်သွားရန် လိုအပ် လာမည်ဖြစ်သည်။
“တကယ်လို့ အစိုးရက ကျေးလက်ပြည်သူတွေအတွက် လောင်စာ ပြဿနာကို ဖြေရှင်းပေးနိုင်ရင် သူတို့က သစ်ပင်တွေ ခုတ်တော့မှာ မဟုတ်ပါဘူး” ဟု ဦးအေးချိုသောင်းက ခန့်မှန်းသည်။
မြန်မာနိုင်ငံ တဝှမ်းလုံးတွင် ယခုနှစ် ဧပြီလမှ ဇွန်လ နှောင်းပိုင်းအထိ တရားမဝင် သစ် ၁၂၈၄၄ တန် ဖမ်းဆီးရမိခဲ့သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။ အများဆုံးဖမ်းမိ သည့် သစ်များမှာ ကျွန်းသစ်နှင့် အခြားသစ်မာများ ဖြစ်ပြီး အများဆုံးမှာ စစ်ကိုင်းတိုင်းတွင် ဖမ်းမိခြင်း ဖြစ်သည်။ စစ်ကိုင်း တိုင်းတွင် တရားမဝင်သစ် ၃၄၅၀ တန်နီးပါး၊ ကယားပြည်နယ်တွင် ၂၁၇၈ တန် ကျော်နှင့် ပဲခူးတိုင်းတွင် ၁၄၀၆ တန် အများဆုံး ဖမ်းမိထားသည်။
Myanmar Green Network မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တဦးဖြစ်သော ဒေါ်ဒေဝီသန့်စင်က ပဲခူးရိုးမ တွင် သစ်ထုတ်လုပ်ရေး ရပ်နားရန် အစိုးရက ဆောင်ရွက်လာခြင်းကို ကြိုဆိုလိုက်ပြီး ဒေသတွင်းတွင် သစ်ပင်များ ပြန်လည် စိုက်ပျိုးရန် အရေးတကြီး လိုအပ်နေသည်ဟု တိုက်တွန်းခဲ့သည်။
“သစ်ထုတ်သူတွေကတော့ ပျော်မှာ မဟုတ်ဘူး။ ဒါပေမယ့် တိုင်းပြည်အတွက် ကောင်းပါတယ်။ ပဲခူးရိုးမမှာ သစ်တောပြုန်းတီးမှုကို အများကြီးခံစားနေရတယ်။ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးမယ့် အစီအစဉ်ကို အခု စတင်တာ ကောင်းပါတယ်” ဟု ဒေါ်ဒေဝီသန့်စင်က ပြောသည်။
“ဒါပေမယ့် အစိုးရအနေနဲ့ ဒီအစီအစဉ်နဲ့ အတူ ဥပဒေပိုင်းဆိုင်ရာအရ အလေးအနက် ဆောင်ရွက်မှုတွေလည်း လုပ်ဖို့ လိုပါ တယ်” ဟု ဒေါ် ဒေဝီသန့်စင်က ထပ်ပြောသည်။
မြန်မာနိုင်ငံတွင် အရပ်သားအစိုးရသစ် ဖွဲ့စည်းနိုင်ခဲ့သည့် ဧပြီလတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းဝင်းက လက်ရှိ ဘဏ္ဍာရေးနှစ် ကုန်ဆုံးမည့် ၂၀၁၇ ခုနှစ် မတ်လတွင် သစ်ထုတ်လုပ်ခြင်းကို တနိုင်ငံလုံး အတိုင်းအတာဖြင့် တားမြစ်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။