ပဲခူးတိုင်း၊ ပြည်မြို့တွင် သောက်သုံးရေသန့် ဖြန့်ဝေ ရေး စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (JICA) ချေးငွေဖြင့် စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။
ပြည်မြို့စည်ပင်ရေပေးဝေရေးစနစ်သည် ဧရာဝတီမြစ်ရေကို စက်ဖြင့် ရေစစ်ကန်များ သို့တင်၍ အနည်ထိုင်စေပြီးမှ သောက် ရေ၊ သုံးရေအဖြစ် ပေးဝေခြင်းဖြစ်ပြီး အဆိုပါစနစ်သည် ကိုလိုနီခေတ်မှ ယနေ့အထိ အသုံးပြုလျက်ရှိကြောင်း၊ ယခုအခါ လူဦးရေ တိုးပွား လာမှုကြောင့် ရေစစ်ကန်များမှ ရရှသော ရေသည် ပြည်မြို့အတွက် လုံလောက်အောင် ပေးနိုင်မှုမရှိတော့ ကြောင်း၊ အဆိုပါရေပေးရေး စနစ်ကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့မှုကြောင့် ရွံ့အနှစ်များဖြင့် ရေများမှာ သောက်သုံးရေ အဖြစ် အသုံးပြုရန် အဆင်မပြေတော့သည့်အတွက် ရေပေးဝေရေးစနစ်ကို ပြောင်းလဲအသုံးပြုရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
“မြစ်ထဲက ရေကိုစုပ်ယူ ရေစုပြီး၊ သဲရေစစ်ကန်နဲ့စစ်ပြီး၊ ကလိုရင်းခပ်မယ်၊ ပြီးရင် ရေသန့်ဖြစ်အောင်လုပ်မယ်၊ အဲဒီအတွက် ကို JICA က ချေးငွေနဲ့၊ WEG ကုမ္ပဏီက တင်ဒါရထားတော့ သူတို့ ဦးဆောင်ပြီးလုပ်သွားမှာပါ” ဟု ပြည်မြို့နယ် စည်ပင် သာယာရေး ကော်မတီ အမှုဆောင်အရာရှိ သူရဦးမြင့်သူက ပြောသည်။
JICA ၏ ချေးငွေ ကျပ်သန်းပေါင်း ၈၄၆ ဒသမ ၉၉ သန်း အကုန်ကျခံ၍ အဆိုပါရေသန့်စီမံကိန်းအတွက် လုပ်ဆောင် မည် ဖြစ်ပြီး အဆိုပါ ငွေပမာဏတွင် ရေဖြန့်ဝေရေး အတွက်မပါဝင်ဘဲ ရေတင်ကန်းများနှင့် ရေစစ်ကန်များ အတွက် သာဖြစ် ကြောင်း၊ မြို့တွင်းရေဖြန့်ဝေရေးပိုက်များမှာ နှစ်ပေါင်း ၁၀၀ ကျော်အသုံးပြုလာသည့် သံပိုက်လုံးများဖြစ်ပြီး ပိုက်များအတွင်း ရွှံ့အနှစ်များ ပိတ်ဆို့နေသောကြောင့် ရေပိုက်ဟောင်းများကိုပါ လဲလှယ်နိုင်မှာသာ သောက်သုံးရန် အသင့်ရေအဖြစ် အသုံး ပြုနိုင်မှာဖြစ်ကြောင်း သူရဦးမြင့်သူက ဆက်ပြောသည်။
“တမြို့လုံးအတိုင်းအတာနဲ့ ရေပိုက်တွေလဲဖို့က မဖြစ်နိုင်သေးပါဘူး။ တိုင်းဒေသကြီး(အစိုးရ)ကိုလည်း တင်ပြထားပါတယ်။ ပြည်မြို့အနေနဲ့ ရေသန့်ရဖို့အတွက်၊ ဂျပန်ချေးငွေရဖို့အတွက်လည်း ကြိုးစားနေပါတယ်၊ မြို့အနေနဲ့ (ဂျပန်ချေးငွေများကို) ပြန်ဆပ်နိုင်မယ်လို့လည်း တင်ပြထားပါတယ်။” ဟု ၎င်းကဆက်ပြောသည်။
ပြည်မြို့တွင် တနေ့လျှင် ရေဂါလံပေါင်း ၁၈ သိန်းကျော်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ မြေအောက် ရေပိုက်လိုင်း များဖြင့် ပေးဝေနေရပြီး တမြို့လုံးရှိ မြေအောက်ရေပိုက်လိုင်းအရှည်မှာ ၁၂၉၀၀၀ ပေ ခန့်ရှိပြီး စည်ပင်ရေအသုံးပြုနေသည့် နေအိမ်များမှာ တလလျှင် ကျပ် ၃၀၀၀ ပေးသွင်းရကြောင်းသိရသည်။
ပြည်မြို့ ရေပေးရေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းစီမံကိန်းကို ၂၀၁၆ ဇွန်လကစတင်ပြုလုပ်ခဲ့ပြီး ၂၀၁၇ နှစ်ဆန်းပိုင်း တွင် ပြီးစီး နိုင်ရန် စီစဉ်ထားကြောင်းသိရသည်။