ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာနယ်မြေ မိုင်ဂျာယန်မြို့တွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးသို့ “ဝ” အဖွဲ့ (UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
အစည်းအဝေး လုပ်ရခြင်း၏ ရည်ရွယ်ချက် သဘောထားများနှင့် ပတ်သက်ပြီး “ဝ” နှင့် မိုင်းလား အဖွဲ့တို့အား ရှင်းပြ နိုင်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ကိုယ်စားလှယ်များက ယခု ရက်သတ္တ ပတ် အတွင်း မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသို့ သွားရောက်မည်ဟု မိုင်ဂျာယန် ညီလာခံကျင်းပရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ နိုင်ရွှေသိန်းက ဧရာဝတီကို ပြောသည်။
“UNFC ခေါင်းဆောင် နိုင်ဟံသာကဦးစီးပြီး “ဝ” ရော မိုင်းလား ရော နှစ်ခုလုံးကို သွားမှာပါ၊ အခုရက်ပိုင်းအတွင်း သွား မှာပါ။ မိုင်ဂျာယန်ညီလာခံကို ဘာသဘောနဲ့လုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက် တိတိကျကျကို ပြောပြမယ်။ သူတို့ မရှင်း တာ တွေရှိရင်လည်း ပြောပြနိုင်အောင်သွားမှာပါ”ဟုလည်း ဒေါက်တာ နိုင်ရွှေသိန်းက ပြောပြသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးကို မိုင်ဂျာယန်မြို့တွင် ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက် အထိ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်ပြီး ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး၊ “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO) အထွေထွေ အတွင်းရေးမှူး တာ့အိုက်ညွှန့် နှင့် မွန်ပြည်သစ် ပါတီ (NMSP) ခရိုင် ကော်မတီဝင် တဦးဖြစ်သူ နိုင်ရွန်းတိန်း တို့ပါ သွားရောက်မည်ဟု ဒေါက်တာ နိုင်ရွှေသိန်းက ဆိုသည်။
UNFC ခေါင်းဆောင်များသည် ဇူလိုင်လ ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက်ပိုင်း “ဝ” နှင့် မိုင်းလား ဒေသကို သွားမည်ဖြစ်သည်ဟု မိုင်ဂျာယန် ညီလာခံ ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ (၁) ပဒို စောကွယ် ထူးဝင်း က ပြောသည်။
မိုင်ဂျာယန်ညီလာခံ ကျင်းပရန် ဇွန်လအစောပိုင်းက ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့က ဆွေးနွေးကြပြီး သဘောတူညီခဲ့ခြင်း ဖြစ်သည်။
မိုင်ဂျာယန် ညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့လုံးသာမက နိုင်ငံရေး အင်အားစုများ ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်(UNA) နှင့် ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) တို့ကိုလည်း ဖိတ်ကြားထားသည်ဟုလည်း ဆိုသည်။
မိုင်ဂျာယန်ညီလာခံ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပသည့်အချိန်တွင် ဆွေးနွေးကြမည့် အကြောင်းအရာများ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဘုံသဘောတူညီချက်များကို အကြမ်းဖျင်း ရရှိရေး ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။