သံဃာတော်များအနေဖြင့် အရပ်ဘက်ဥပဒေနှင့်ငြိစွန်းသည့် ပြစ်မှုကျူးလွန်သောအခါ အရေးယူ ဆောင် ရွက်ရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန)၏ ခွင့်ပြုချက် ရယူရန် မလိုအပ်ကြောင်း သာသနာရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးထွန်းညွန့် ကပြောသည်။
ဦးထွန်းညွန့်က “ ရာဇဝတ်မှု ကျူးလွန်ရင် ဒေသဆိုင်ရာအာဏာပိုင်များနဲ့ပဲသက်ဆိုင်ပါတယ်၊ မဟန အနေနဲ့ ဘာမှပါဝင် ပတ်သက်စရာမရှိပါဘူး” ဟု ပြောသည်။
မဟန အနေဖြင့် သံဃာတပါး၊လူပုဂ္ဂိုလ် တဦးတယောက်ကို အရေးယူရန် စေခိုင်းခြင်းမရှိကြောင်းနှင့် သံဃ ဝိနည်း များနှင့် ညီညွတ်မှုမရှိကြောင်း တိုင်ကြားသူများက ရှိလာသောအခါမှသာ မှန်ကန်မှုရှိ၊ မရှိ စစ် ဆေး ပြီး သံဃ စည်းမျဉ်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောသည်။
လက်ရှိတွင် သာသနာရေးဝန်ကြီးဌာနက ဦးဆောင်ဖွဲ့စည်းထားသည့် ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့က လည်း အမုန်းစကားဖြန့်ဝေမှုများနှင့် ပတ်သက်၍ ရေးဆွဲလျက်ရှိပြီး ၎င်းဥပဒေ အတည်ပြုပြဌာန်းပြီးပါက အမုန်း စကားဖြန့်ဝေကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်ပြောဆို လှုံဆော်သူများကို အရေး ယူ သွားမည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကပြောသည်။
သံဃာတော်တပါးအနေဖြင့် အရပ်ဘက်ပြစ်မှု ကျူးလွန်၍ အရေးယူခံရပြီး ပြစ်ဒဏ်ခံယူပြီးသည့်တိုင် မဟန အနေဖြင့်လည်း သံဃ ဝိနည်းကြောင်းအရ ကိုက်ညီမှု ရှိ၊ မရှိ၊ ပါရာဇိက (ရဟန်းဘဝမှ ဆုံးရှုံးသူ) အချက် လေးချက်နှင့်ပါ ငြိစွန်းခြင်းရှိ၊ မရှိကို ဆက်လက်စစ်ဆေးကာ ငြိစွန်းမှုရှိပါက ရဟန်းအဖြစ် သာသနာ့ဘောင် ဝင်ရောက်ခွင့်မပြုကြောင်း သိရှိရသည်။