နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးမင်းအောင်လှိုင်တို့ကို လူမှုကွန်ရက် စာမျက်နှာတွင် ဆဲဆိုသော စာများနှင့် မဖွယ်မရာပုံများ ရေးသားဖော်ပြခဲ့သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲခံထားရသည့် ဦးနေမျိုးဝေကို သက်သေ မခိုင်လုံဟု ဆိုကာ ကန်ကြီးထောင့်မြို့နယ် တရားရုံးက စွဲချက်မတင်ဘဲ ယနေ့့့့့့့့့့ တရားရှင် လွှတ်ပေးလိုက်ကြောင်း သိရသည်။
“ကိုနေမျိုးဝေ တရားရုံးမှာ ထွက်ဆိုတာက ပုံတွေ သူတင်တာမဟုတ်ဘူး။ အမျိုးသမီးတယောက် သူ့ဆီကို Viber နဲ့ ပုံတွေ ပို့လာတဲ့ အတွက် ပုံတွေ လက်ခံထားတာပဲ ရှိတယ်လို့ ပြောပါတယ်။ အဲဒီ ထွက်ဆိုချက် အပေါ်မှာ တရားသူကြီး ဦးမျိုးမြင့်ဦးက သက်သေမခိုင်လုံဘူး ဆိုပြီး တရားရှင် လွှတ်ပေးလိုက်တာ” ဟု တရားလိုဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးဝေယံအောင်က ဧရာဝတီကို ပြောသည်။
သမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတို့ကို ဆဲဆိုထားသည့်ပုံနှင့် စာများ လူမှုကွန်ရက်တွင် ရေးသား ဖြန့်ချိခဲ့သည် ဟုဆိုကာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို ဦးဝေယံအောင်က ကန်ကြီးထောင့် မြို့မရဲစခန်းတွင် မေလ ၃ ရက်နေ့က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ဦးဝေယံအောင်၏ တိုင်ကြားချက်အရ ရဲတပ်ဖွဲ့က အီလက်ထရောနစ်နှင့် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်အရေးယူကာ မေလ ၅ ရက်နေ့တွင် ဦးနေမျိုးဝေကို ဖမ်းဆီးခဲ့ပြီးနောက် ပုသိမ်ထောင်တွင် ဖမ်းဆီးထိမ်းသိမ်းကာ အမှုရင်ဆိုင်စေခဲ့ခြင်း ဖြစ်သည်။
ကန်ကြီးထောင့်မြို့နယ် တရားရုံးတွင် ၂ လကျော်ကြာ အမှု ရင်ဆိုင်ပြီးနောက် မြို့နယ် တရားသူကြီး ဦးမျိုးမြင့်ဦးက ဦးနေမျိုးဝေကို အပြစ်မရှိဟုဆိုကာ တရားသေ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ကန်ကြီးထောင့်မြို့နယ် တရားသူကြီးအနေဖြင့် ကိုနေမျိုးဝေ ထွက်ဆိုချက်အရ Viber မှ ပုံများပို့ခဲ့သည့် အမျိုးသမီးကို ခေါ်ယူစစ်ဆေးခြင်း မရှိခဲ့သလို ၎င်းတင်ပြခဲ့သည့် တရားလိုပြသက်သေ ၅ ဦးကိုလည်း စစ်ဆေးခြင်း မရှိဘဲ အမှုစစ် ရဲအရာရှိ၊ မှုခင်းဌာနရဲအရာရှိနှင့် ရှာဖွေပုံစံသိမ်းဆည်းစဉ်က ပါဝင်ခဲ့သည့် သက်သေ ၂ ဦး ကိုသာ စစ်ဆေး၍ အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ကျေနပ်မှုမရှိကြောင်း တရားလို ဦးဝေယံအောင်က ပြောသည်။
“တိုင်းပြည်ဆူပူအောင် လှုံ့ဆော်သူ၊ နိုင်ငံတော် အကြီးအကဲတွေကို စော်ကား ပြောဆိုတဲ့သူကို တရားစွဲတာကို တရားရုံးက စွဲချက်တောင် မတင်နိုင်ဘဲ လွှတ်ပေးလိုက်တယ်ဆိုတော့ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ ဖြောင့်မတ် မှန်ကန်မှုအပေါ်မှာ ကျနော့်အနေနဲ့ သံသယဖြစ်မိပါတယ်” ဟု တရားလို ဦးဝေယံအောင်က ပြောသည်။
ယနေ့တရားခွင်သို့ ဦးနေမျိုးဝေကို ထောက်ခံသူ ၆၀ ကျော်ခန့်မှာ အိုးစည်ဗုံမောင်းများဖြင့် လာရောက် စောင့်ဆိုင်း နေခဲ့ပြီး တရားခွင် ပြီးဆုံးချိန်၌ တရားရုံး အချုပ်အနှောင်မှ လွတ်မြောက်ခဲ့သည့် ဦးနေမျိုးဝေကို အိုးစည် ဗုံမောင်းများ တီးခတ်ကြိုဆိုပြီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဦးနေမျိုးဝေအမှုမှာ ကန်ကြီးထောင့်တရားရုံးက ဒုတိယမြောက် ဆုံးဖြတ်ပေးရသည့် ပုဒ်မ ၆၆ (ဃ) အမှုဖြစ်သည်။ ယမန်နှစ် စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို မဖွယ်မရာပြုလုပ်၍ Thu Thu အမည်ရှိ အကောင့်ဖြင့် လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သူ ကန်ကြီးထောင့်မြို့နယ်၊ ကြံ့ခိုင်ရေးပါတီ၏ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို တက်ကြွလှုပ်ရှားသူ ဦးစည်သူအောင်က ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ရာ ကန်ကြီးထောင့်မြို့နယ်တရားရုံးက ဦးသန်းထွန်းကို ထောင်ဒဏ် ၆ လ အပြစ်ပေး ခဲ့သည်။