ဗကသ ကျောင်းသူ မအိသဉ္ဇာမောင် က ၎င်းကို လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဂုဏ်သိက္ခာကျဆင်းစေရန် ဓာတ်ပုံ ဖန်တီးမှုတို့ဖြင့် ဖော်ပြစော်ကားသည်ဟုဆိုကာ Zaw Myo Win ဟူသည့် အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဇူလိုင် ၁၅ ရက် တွင် ရန်ကုန်မြို့ ပုစွန်တောင်မြို့နယ်ရဲစခန်း၌ အမှုဖွင့်လိုက်ကြောင်း သိရသည်။
ပုစွန်တောင်မြို့နယ် ရဲစခန်းမှ ရဲအုပ် မင်းမင်းစိုး က “မအိသဉ္ဇာမောင်က တရားလိုပြု တိုင်တန်းတာပါ။ ဖေ့စ်ဘုတ် လူမှု ကွန်ရက်ပေါ်မှာ ဒီကောင်မလေးကို ပုဂ္ဂုလ်ရေးအရ ဂုဏ်သိက္ခာ ကျဆင်းစေအောင် အများပြည်သူလေးစားကြည်ညို ကိုးကွယ်သည့် ဗုဒ္ဓဘာသာ ဘုရားဆင်းတုတော်နှင့်ပတ်သက်၍ ဗုဒ္ဓဘာသာဝင် လူအများ ကိုယ်စိတ် နှလုံး ထိခိုက်စေမည့် ဓာတ်ပုံကို ပူးတွဲတင်ထားတဲ့အတွက်ကြောင့် အမှုဖွင့်ပေးဖို့တိုင်တာပါ။ အခု အထက်ကို တင်ပြဖို့ လုပ်နေတယ်”ဟု အတည်ပြု ပြောသည်။
Zaw Myo Win ဟူသည့်အကောင့်တွင် ဇူလိုင် ၁၂ ရက်က ရဲအုပ် မင်းမင်းစိုး ပြောကြားချက် အတိုင်း တင်ထားခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်သည် မအိသဉ္ဇာမောင်၏ ဂုဏ်သိက္ခာနှင့် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းကြောင့် တရားလိုပြု တိုင်တန်းရခြင်းဖြစ်ကြောင်း မအိသဉ္ဇာမောင် ကလည်း ရှင်းပြသည်။
“အစတုန်းကတော့ သည်းခံလိုက်မလို့ဘဲ။ ဒါပေမယ့် နောက်ပိုင်းမှာ ကျမရဲ့ဂုဏ်သိက္ခာ ထိခိုက်လာတဲ့ အပိုင်းတွေ အများကြီး ဖြစ်လာတယ်။ ကျမရဲ့အဖွဲ့အစည်းကိုရော ထိခိုက်တာတွေအများကြီး ဖြစ်လာတယ်။ အဆိုးဆုံးကတော့ လက်ရှိအခြေအနေမှာ ဘာသာရေးဟာ အကဲဆတ်နေတဲ့အခြေအနေတွေမှာ ဒီလိုမျိုး ကျမတို့နဲ့ တခြားပြည်သူတွေကြားမှာ ထိခိုက်အောင် လုပ်ထားတဲ့ကိစ္စတွေ သိလာတဲ့အတွက် လာပြီးတရားစွဲတာ”ဟုလည်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက ယခုကဲ့သို့ တရားစွဲဆိုရခြင်းသည် Zaw Myo Win ဆိုသည့်အကောင့်ပိုင်ရှင်အား ပြစ်ဒဏ် ကျစေချင် သည့် ရည်ရွယ်ချက်လုံးဝမရှိဘဲ ၎င်း၏ဂုဏ်သိက္ခာ၊ ၎င်းအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့် တရားဝင် တောင်းပန်မည် ဆိုပါက အမှုပြန်လည် ရုပ်သိမ်းပေးမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။
ယင်းအမှုနှင့်ပတ်သက်၍ တရားလွှတ်တော်ရှေ့ဦးရောဘတ်စန်းအောင်က အခမဲ့ရှေ့နေလိုက်ပေးမည်ဖြစ်ကြောင်း၊ မအိ သဉ္ဇာမောင်၏ ဓာတ်ပုံကို အသုံးပြု၍ ဗုဒ္ဓမြတ်စွာဘုရားပုံနှင့် မသင့်လျော်ဖွယ် ပြုလုပ်၍တင်ခြင်းသည် ၆၆(ဃ)သာမက ဘာသာ၊ သာသနာသေးသိမ်စေမှုကိုလည်း ဖြစ်စေကြောင်း၊ ဘာသာရေးနှင့်ပတ်သက်၍ သတိဝီရိယ ရှိရမည့်အချိန်တွင် ယခုကဲ့သို့ လုပ်ရပ်ကို လုံးဝလက်မခံနိုင်ကြောင်း ပြောသည်။
မအိသဉ္ဇာမောင်သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ အဖွဲ့ချုပ်(ဗကသ) အဖွဲ့ဝင်တဦးဖြစ်ပြီး အမျိုးသား ပညာ ရေး ဥပဒေပြင်ဆင်ရေး သပိတ်တွင်ပါဝင်ခဲ့ရာ ၂၀၁၅ မတ် လ ၁၀ ရက် လက်ပံတန်းမြို့နယ်တွင် ကျောင်းသား သပိတ် အကြမ်းဖက်ခံရစဉ်က ပါဝင်ခဲ့ပြီး သာယာတီမြို့နယ် တရားရုံးတွင် တရားစွဲခံရ၍ သာယာဝတီ ထောင်တွင် ၁ နှစ်ကျော်နေခဲ့ ရပြီးနောက် အစိုးရသစ်လက်ထက် အမှုများရုပ်သိမ်းမှုကြောင့် ပြန်လည် လွတ်မြောက်လာသူဖြစ်သည်။