ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ သစ်နှင့် သဘောထား တထပ်တည်းရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်တွင် ယမန်နေ့ ဇူလိုင် ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်သည့် သတင်း စာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒများအပေါ် တပ်မတော် ကာကွယ်ရေး ဦး စီး ချုပ် အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် အစိုးရနှင့် တပ်မတော် အကြား ဆက် ဆံရေး မှာ ကောင်းမွန်နေကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက “တပ်မတော်က ငြိမ်းချမ်းရေးကို လိုလားသလို၊ အစိုးရကလည်း ငြိမ်းချမ်း ရေး ကို လိုလားတယ်၊ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးလိုလားတဲ့အတွက် သဘောထားတထပ်တည်း မကျ စရာ မရှိပါဘူး”ဟု ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) ကိုအခြေခံကာ လုပ်ဆောင်သွားမည်ဖြစ်ပြီး တနိုင်ငံလုံးအနေအထားဖြင့် အပစ်အခတ်ရပ်စဲရေးကို တချိန် တည်း တပြိုင်တည်း ကြေညာနိုင်ရေးမှာလည်း NCA တွင် တိုင်းရင်းသားလက်နက်ကိုင် အားလုံး ပါဝင် လက်မှတ်ရေးထိုးရေးသာ အဓိကဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိ NCA စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့သာ လက်မှတ်ရေးထိုးထားပြီး ၎င်း ၈ဖွဲ့နှင့် NCA ကို ပါဝင်လက်မှတ် ရေးထိုးခြင်းမရှိသေးသည့် ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ဆွေးနွေးပွဲ ကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထိန်းချုပ်ရာ မိုင်ဂျာယန်တွင် ကျင်းပရန် ပြင်ဆင် လျက်ရှိနေပြီး တပ်မတော်က ယင်းမိုင်ဂျာယန်အစည်းအဝေးကို မကျင်းပစေလိုသည့် သဘောထားများ ပြသခဲ့ကြောင်း သိရှိရသည်။
တိုင်းရင်းသားများ တောင်းဆိုလျက်ရှိသည့် အားလုံးတန်းတူညီမျှ ပါဝင်ခွင့်နှင့် ပတ်သက်၍ တပ်မတော် အနေဖြင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်မတော်(AA)နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA) တို့ သုံးဖွဲ့အပေါ် သဘောထားပြောင်းလဲခြင်း မရှိဘဲ လက်နက်စွန့် လမ်းစဉ် ကိုသာ လုပ်ဆောင်ရန် ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားအားလုံးပါဝင်သော ၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်ရေးအတွက် ပြင်ဆင်လျက်ရှိရာတွင် လုပ်ငန်းစဉ်အဆင့်ဆင့်အတွက် အကောင်း ဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောဆိုခဲ့သည်။