တူရကီ၌ အာဏာသိမ်းမှု မဖြစ်ပွားမီ နာရီများစွာ အလို ရုရှားထောက်လှမ်းရေးက ကြားဖြတ်ဖမ်းယူ သိရှိခဲ့ပြီးနောက် သမ္မတ အာဒိုဂန်အား သတိပေးကြောင်း သံတမန်အသိုင်းအဝန်းကို ကိုးကားပြီး အီရန်မီဒီယာ Fars က ဆိုပါတယ်။ တူရကီစစ်တပ်က အာဏာသိမ်းဖို့ ပြောဆိုတာတွေ၊ တောင်ပိုင်းက မာမရစ်မြို့မှာ အပန်းဖြေနေတဲ့ သမ္မတအာဒိုဂန်ဖို့ ဖမ်ဆီးဖို့ ဒါမှမဟုတ် သတ်ဖြတ်ဖို့ အမိန့်ပေးနေ တာတွေ၊ တူရကီစစ်တပ် ရဟတ်ယာဉ်တွေရဲ့ ဆက်သွယ်ရေးတွေကို ရုရှားထောက်လှမ်း ရေးက ကြားဖြတ် ဖမ်းယူရမိခဲ့ပြီး တူရကီထောက်လှမ်းရေး (Millî İstihbarat Teşkilatı – MIT) ကို ပေးပို့ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် တူရကီထောက်လှမ်းရေးက ထိပ်တန်းဗိုလ်ချုပ်ကြီးများကို အသိပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တူရကီနဲ့ ရုရှားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ရုရှားဗုံးကြဲ လေယာဉ် Su-24 ကို တူရကီ က ပစ်ချခဲ့တဲ့အတွက် ဆက်ဆံရေးတင်းမာကာ ရုရှားဘက်က စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ရာ၊ အာဏာသိမ်းမှု မဖြစ်ပွားမီ တပတ်ခန့်အလိုကမှှသာ တူရကီဘက်က တောင်းပန်ခဲ့ပြီး ပုံမှန်ဆက်ဆံ ရေးပြုလုပ်နိုင်ဖို့ စတင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့တပတ်က တူရကီနိုင်ငံမှာ စစ်တပ်က ဦးဆောင်တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ လူပေါင်း ၃၀၀ခန့်သေဆုံးခဲ့ပြီး၊ ၁ထောင်ကျော် ဒဏ်ရာရရှိကာ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ၃၀၊ ရဲအရာရှိ ၇၈၉၉ ဦး ကျောင်းဆရာ ၂သောင်း ၁ထောင် အလုပ်ဖြုတ်ခံခဲ့ရသလို၊ အဆင့်မြင့်အရာ ၅၀ဟာလည်း ရွေ့ပြောင်းခြင်းခံခဲ့ရပါတယ်။
အလားတူ လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး အာကင် အိုဇ်တပ်ခ်အပါအဝင် လူပေါင်း ၉ထောင်ခန့်ကို ဖမ်းဆီးထားကာ၊ အာဒိုဂန် အစိုးရက တိုင်းပြည်ကိုလည်း အရေးပေါ်အခြေအနေ ၃လ ပြဌာန်းခဲ့ပါတယ်။