ရန်ကုန်တိုင်း လွှတ်တော်အမတ်တဦးက ပုဂ္ဂလိက ကုမ္ပဏီကို အငှားချထားသည့် မြို့တော်၏ သမိုင်းဝင် အတွင်းဝန်ရုံး အဆောက်အအုံကို အများပြည်သူပိုင်အဖြစ် ထားရှိရန် လွှတ်တော်သို့ အဆိုတင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD) မှ ဗိုလ်တထောင်မြို့နယ် ကိုယ်စားပြု လွှတ်တော်အမတ် ဦးအောင်ထူးက လာမည့် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင် သူ၏ မဲဆန္ဒနယ်အတွင်းရှိ နှစ် ၁၂၀ သက်တမ်းရှိ အတွင်းဝန်ရုံး အဆောက်အဦးကို အများ ပြည်သူပိုင်နေရာအဖြစ် ထားရှိရန် အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့က ဧရာဝတီသတင်းဌာနသို့ ပြောသည်။ အတွင်းဝန်ရုံးသည် ဗိုလ်တထောင်မြို့နယ်တွင် တည်ရှိပြီး လွန်ခဲ့သော ၆၉နှစ်က လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏လုပ်ဖော်ကိုင်ဖက် ၈ဦးတို့ လုပ်ကြံခံခဲ့ရသော နေရာလည်းဖြစ်သည်။
“ပြီးခဲ့တဲ့အပတ် အာဇာနည်နေ့က အတွင်းဝန်ရုံးကို ထောင်နဲ့ချီတဲ့လူတွေ လာတာတွေ့တဲ့အတွက် အရမ်းကို အားရကျေနပ်မှုရှိပါတယ်။ ဒါက သမိုင်းဝင်နေရာတခု ပြီးတော့ ကျနော်တို့ရဲ့ အမွေအနှစ် တစိတ်တပိုင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရတဲ့နေရာလည်း ဖြစ်တယ်။ ပုဂ္ဂလိကပိုင်ထက် ပြည်သူတွေက ပိုင်ဆိုင်သင့်ပါတယ်”ဟု ဦးအောင်ထူးက ပြောသည်။
လက်ရှိတွင် အတွင်းဝန်ရုံးကို ပြည်တွင်းကုမ္ပဏီတခုဖြစ်သော Anawmar Art Group ကကြီးကြပ်၍ ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေပါသည်။ Anawmar Art Groupသည် ၂၀၁၂ခုနှစ်တွင် အတွင်းဝန်ရုံးအတွက် တင်ဒါ အရွေးခံခဲ့ရသော ကုမ္ပဏီဖြစ်သည်။ ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများအတွက် အသေးစိပ် အစီအစဉ်တခုကို တင်ပြပြီးနောက် အတွင်းဝန်ရုံးအား ထိုကုမ္ပဏီကို နှစ် ၅၀ အငှားချခွင့်ပေးခဲ့သည်။
Anawmar Group ၏ ဒါရိုက်တာ မလဲ့ရည်စိုးက ပြီးခဲ့သည့်နှစ်တွင် ၎င်းတို့ကုမ္ပဏီက ပျက်စီးယိုယွင်းနေသော ကိုလိုနီအဆောက်အအုံကို အနုပညာပြတိုက်တခုအဖြစ် ဖွင့်လှစ်ရန်စီစဉ်သွားမည်ဖြစ်ပြီး ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၅၀ ကုန်ကျလိမ့်မည်ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောသည်။