စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် မိုးများဆက်တိုက် ရွာသွန်းခဲ့ပြီး ချင်းတွင်းမြစ်ရေတိုးလာသည့်အတွက် စစ်ကိုင်းတိုင်းဒေသ ကြီး မြို့နယ်လေးခုရှိ လူဦးရေ ၄ ထောင်ကျော်အား ရေလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးတွင် အိမ်ထောင်စုပေါင်း ၉၉၂ ဦးမှ လူဦးရေ ၃၅၄၂ ဦး ၊မော်လိုက်တွင် အိမ်ထောင်စု ၁၅၆ စုမှ လူဦးရေ ၇၇၂ ဦး ၊ ဖောင်းပြင်တွင် အိမ် ထောင်စု ၂၇ စုမှ လူဦးရေ ၁၅၃ ဦးနှင့် ဟုမ္မလင်းတွင် အိမ်ထောင်စု ၄၁ စုမှ လူဦးရေ ၃၂၂ ဦး ပြောင်းရွှေ့ ထားရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ဧရာဝတီသို့ ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် ရေဘေးသင့်ပြည်သူများအတွက် စား နပ်ရိက္ခာထောက်ပံ့ပေးနိုင်ရန်စီစဉ်နေပြီး ကယ်ဆယ်ရေးပစ္စည်းများကိုမူ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဇူလိုင် ၂၈ ရက်နေ့မှ သွားရောက်ပေးပို့နိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဦးစဝီလီဖရန့်က “ဆန်ရိက္ခာ ၃ ရက်စာထောက်ပံ့ဖို့ ငွေကို ဒီနေ့ကစလွှဲပြောင်းနေပြီ။ ကျန်တဲ့ဟာတွေလည်း နက်ဖြန်ထပ်လွှဲ မယ်။ ပစ္စည်းပစ္စယ တွေကို မြန်မာ့လေကြောင်းနဲ့ သယ်လို့ရသလောက်သယ်သွားမယ်။ ကြာသပတေးနေ့ သွားဖို့စီစဉ် ထားပြီး ပါပြီ” ဟု ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၂၅ ရက် ထုတ်ပြန်ချက်အရ ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ကိုကျော်လွန်နေပြီး ရေအမြင့်များဆက်လက်မြင့်တက်နေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေအမှတ်၏ အထက်တွင် ဆက်လက်ရောက်ရှိနေမည်ဟု ခန့်မှန်းထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက “ဒီနေ့ ရေက ၆ လက်မလောက်တော့လျော့သွားတယ်။ ဒါပေမယ့် ကယ်ဆယ်ရေးတွေကတော့ လုပ်နေရတယ်။ ပြောင်းတာက ၃ ရက်လောက်ရှိပြီ။ ရေဝင်တာကတော့ ၆ ရက် လောက်ရှိပြီ။ ရွှေ့ပြောင်းထားရသူတွေမှာ အဓိကအခက်အခဲကတော့ စားဝတ်နေရေးပါပဲ ” ဟု ရှင်းပြသည်။
မြန်မာနိုင်ငံမြောက်ဖျား ပူတာအို၊ မချမ်းဘော့နဲ့ ချီဖွေဘက်များတွင် မိုးကြီးနေပြီး မြစ်ကြီးနားမြို့တွင်လည်း ရက်ပေါင်း နှစ် ဆယ်နီးပါး မိုးဆက်တိုက်ရွာနေသောကြောင့် ဧရာဝတီမြစ်ရေတက်လာကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ရွှေလီမြစ်ကမ်းတလျှောက်မှ ကျေးရွာပေါင်း ၂၀ ကျော်တွင်လည်း ရေကြီးရေလျှံဖြစ်နေ၍ အိမ်ခြေ တစ်ထောင်ခန့် ရေနစ် မြုပ်နေပြီး ဒေသခံများနေထိုင်ရေးအတွက် အခက်အခဲဖြစ်နေကြောင်း သိရှိရသည်။
“ဘယ်မှာပဲရေကြီးရေကြီး ကျနော်တို့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ ကူညီထောက်ပံ့ပေးနေပါတယ်။ မြစ်ကြီးနားကတော့ ရေတော်တော်လေးပြန်ကျသွားပြီ။ အခု တနိုင်းမှာ ရေဝင်တယ်။ သို့သော်လည်း မရွှေ့သေးဘူး။ သူ့အိမ်မှာသူနေတုန်းပဲ။ မြစ်ကြီးနားက ၁၅ ရက်နေ့စွဲနဲ့ ပို့ထားတာက ၂၅ အိမ်၊ လူဦးရေ ၁၅၀ ပြောင်းရွှေ့ရတယ်။ အဲတုန်းက ဆန်ရိက္ခာထောက်ပံ့ တယ်။ ပြောင်းရွှေ့ရတော့ ကယ်ဆယ်ရေးပစ္စည်းလည်းပေးခဲ့တယ်” ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန(နေပြည်တော်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောသည်။
လောလောဆယ်တွင် ခန္တီး၊ တနိုင်း၊ မြစ်ကြီးနား၊ ဧရာဝတီ ငသိုင်းချောင်းရှိ ရေဘေးသင့်ပြည်သူများကို အဓိကထားပြီး ကူညီထောက်ပံ့ပေးမှုများပြုလုပ်ပေးနေကြောင်း ၎င်းက ရှင်းပြသည်။
၂၀၁၆ ဇူလိုင်လအတွင်း ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ကချင်၊ ဧရာဝတီ စသည့် ပြည်နယ်နှင့်တိုင်း ၆ ခုတွင် ရေကြီး၊ ရေလျှံ မှုများဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေပေါင်း ၇၀၀၀ ကျော်၊ လူဦးရေ ၃၉၀၀၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း ဒေါက်တာ ကိုကိုနိုင်၏ ပြောဆိုချက်အရ သိရှိရသည်။