တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ပြင်ဆင်ထားသော အမျိုးသားပြည်နယ်များကို အခြေခံထားသည့် “ဖက်ဒရယ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဒုတိယမူကြမ်း” ကို သဘောတူညီမှု ရရှိကြောင်း သိရသည်။
အဆိုပါ မူကြမ်းကို ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့တွင်ပြုလုပ်လျှက်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယမြောက်နေ့တွင် ကန့်ကွက်သူမရှိ လက်ခံခဲ့ခြင်းဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောဆိုသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုဥက္ကဋ္ဌ နိုင်ဟံသာ က “အစိုးရဘက်က လက်မခံရင်တော့ ဒါကတော့ တမျိုးပေါ့ဗျာ။ တခြား ဆန့်ကျင်မယ့်လူတွေတော့ မရှိပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးလိုလိုနဲ့ နိုင်ငံရေးပါတီက ဘယ်သူမှ မဆန့်ကျင်ပါဘူး” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
အဆိုပါ “ဖက်ဒရယ်ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဒုတိယမူကြမ်း” ထဲတွင် အခန်းပေါင်း ၁၄ ခန်းနှင့် စာမျက်နှာပေါင်း ၂၀၄ ခန်းပါဝင်သည်ကို တွေ့ရှိရပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနှင့် ထုတ်ပြန်ထားသည်။
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် မပါမဖြစ် ပါဝင်ရမည့် အခြေခံမူများ၌ အချက် ၈ ချက်ရှိပြီး ထိုအထဲတွင် အချုပ်အခြာအာဏာ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု၊ တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေး အခွင့်အရေးများကို ကာကွယ်ခြင်း၊ ဒီမိုကရေစီအခွင့် အရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ကျား/မ ဆိုင်ရာ တန်းတူညီမျှမှု၊ ပါတီစုံဒီမိုကရေစီနှင့် ဘာသာရေးကို အခြေမခံသော နိုင်ငံ စသည်တို့ပါဝင်ကြောင်း သိရသည်။
ထိုမူကြမ်းတွင် ပြည်နယ်ကို အခြေခံသည့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံမူများပါဝင်ပြီး ဖက်ဒရယ်ပြည်ထောင်စုကို အမျိုးသား ပြည်နယ်၊ အမျိုးသားများပြည်နယ်များဖြင့် ဖက်ဒရယ်ပြည်ထောင်စုနယ်မြေများ ဖွဲ့ရမည်ဟု ပါရှိပြီး ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်း တို့ကို ဧရာဝတီ အမျိုးသားများပြည်နယ်နှင့် တနင်္သာရီအမျိုးသားများ ပြည်နယ်ဟု ထည့်သွင်းဖော်ပြထားသည်။
“ဧရာဝတီ အမျိုးသားများပြည်နယ်၊ တနင်္သာရီ အမျိုးသားများ ပြည်နယ်ပေါ့။ တနင်္သာရီတိုင်းမှာ ဗမာလည်းရှိမယ်၊ ထားဝယ်လည်း ရှိမယ်၊ မွန်လည်းရှိမယ်၊ ကရင်လည်းရှိမယ်။ လူမျိုးစုံဖြစ်နေတော့ အဲလိုအနေအထားမျိုးမှာ တနင်္သာရီ အမျိုးသားများပြည်နယ် ဆိုပြီးတော့မှ အဲသလိုပေးတာ။ ကျနော်တို့ လျာထားတဲ့သဘောပေါ့လေ” ဟု နိုင်ဟံသာ က ပြောသည်။
မကွေး၊ မန္တလေးနှင့် ကျန်တိုင်းဒေသကြီးအချို့ကတော့ ဗမာပြည်နယ်ထဲတွင် ရှိလိမ့်မည်ဟု တိုင်းရင်းသား ခေါင်းဆောင်များ ကလည်း ပြောသည်။
ထိုမူကြမ်းကို ၂၀၀၈ ခုနှစ်တွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းမှု ကော်မတီ (FCDCC) က ရေးဆွဲကာ မူကြမ်းအဖြစ် သဘောတူထွက်ရှိထားခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ပြန်လည်သုံးသပ်ပြီး ဒုတိမူကြမ်းအဖြစ်နှင့် ထွက်ရှိခဲ့ခြင်းဖြစ်သည်။
ထိုမူကြမ်းအား မိုင်ဂျာယန်ညီလာခံ၌ ထပ်၍ ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်သွားမည်ဖြစ်သော်လည်း ယင်းမူကြမ်းအား မူရင်း အခြေခံဖြစ်သည့် ၈ ချက်ကိုတော့ ပြောင်းလဲသွားမည်မဟုတ်ဟုသိရသည်။
အဆိုပါမူကြမ်းအား မိုင်ဂျာယန် အစည်းအဝေး၌ အပြီးသတ် ဆွေးနွေးညှိနှိုင်း ပြင်ဆင်ပြီး အစိုးရက ဖိတ်ခေါ်ထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ တွင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ တင်ပြဆွေးနွေး သွားမည် ဖြစ်ကြောင်းသိရပြီး မိုင်ဂျာယန် အစည်းအဝေး မတက်ရောက်နိုင်သည့် လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ဖက်ဒရယ်မူကြမ်းနှင့် ပတ်သက်ပြီး သွားရောက် ဆွေးနွေးရှင်းပြသွားမည်ဟု သိရသည်။