ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္တူ (နတလ ) နယ်ခြားစောင့်ရဲကင်းခန်းမှ ရဲကင်းမှူး အပါအဝင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၇ ဦးတို့ကို စိတ်ကြွဆေးပြား ၃ သိန်းခန့် လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီး စစ်ဆေးနေကြောင်း သတင်း ရရှိသည်။
အဆိုပါ ဖမ်းဆီးခြင်းကို ဇူလိုင် ၂၆ ရက်နေ့က မောင်တောမြို့နယ် အမှတ် ( ၂ ) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး တင့်ဇော်ဦးကိုယ်တိုင် သတင်းအရ သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။
“နယ်ခြားစောင့်ရဲကင်းမှာ စိတ်ကြွဆေးပြားတွေ ဖမ်းမိတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့က ဖမ်းမိ တာ ပါ။ အခု တော့ အဲဒီတရားခံ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးပြီးတော့ အလယ်သံကျော် နယ်မြေ စခန်း မှာ ချုပ်နှောင်ပြီး စစ်ဆေးနေတယ်လို့သိရပါတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
မောင်တောမြို့နယ် နယ်ခြားစောင့်ရဲကွပ်ကဲမှုလက်အောက်ခံ ကျောက်ပန္တူ ( နတလ ) နယ်ခြားစောင့်ရဲကင်း အတွင်း ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြား ၃ သိန်းခန့်ကို စခန်း စားရိပ်သာ စားဖိုဆောင်အတွင်း မြေကြီး ထဲတွင် မြှုပ်နှံထားခြင်းဖြစ်ပြီး ယင်းစိတ်ကြွဆေးများတွင် WY စာတမ်းပါ ပန်းရောင်ဆေးပြား စုစု ပေါင်း ၂၉၂၅၀၀ ပြား ၊ အလေးချိန်အားဖြင့် ၂၉ ဒသမ ၂၅ ကီလိုဂရမ်ခန့် စုစုပေါင်း တန်ဖိုးကျပ်သိန်း ၅၈၅၀ ခန့်ရှိ ကြောင်း သိရှိရသည်။
ကျောက်ပန္တူ ရဲကင်းမှူး တပ်ကြပ်မောင်မောင်လေးနှင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးတို့ သည် ဇူလိုင်လ ၂၃ ရက်နေ့ က ရဲကင်းစခန်း၏ အနောက်မြောက်ဘက်တွင်တည်ရှိသော မောင်တော- အငူမော် ကားလမ်းဘေးတွင် စိတ်ကြွဆေးပြား များထည့်ထားသော ပီနံအိတ် တစ်လုံးအားတွေ့ ရှိခဲ့ရာမှ ရဲကင်းစခန်းသို့ ယူဆောင်ကာ မြေကြီးထဲတွင် မြှပ်နှံထားခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း သိရသည်။
ယင်းအမှုနှင့်ပတ်သက်၍ ကျောက်ပန္တူ ( နတလ ) နယ်ခြားစောင့်ရဲကင်းစခန်းမှ ရဲကင်းမှူး ရဲတပ်ကြပ် မောင်မောင်လေး အပါအဝင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၇ ဦးကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် မောင်တောမြို့နယ် အလယ်သံကျော်နယ်မြေရဲစခန်းတွင် ချုပ်နှောင် ထားပြီး စစ်ဆေးမှုများကို ပြုလုပ်နေကြောင်း သိရသည်။