အမေရိကန်ပြည်ထောင်စုက ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ သမ္မတ အိုးဘားမားက ဟီလာရီကလင်တန်ကို သမ္မတသစ်အဖြစ် ရွေးချယ်ကြဖို့ မဲဆန္ဒရှင်တွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ပြိုင်ဘက်ပါတီ ရီပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ချက်ကျလက်ကျ ရှုတ်ချပြစ်တင်ခဲ့တယ်။
“အမေရိကဟာ ခမ်းနားပြီးသား၊ အမေရိကဟာ အင်အားတောင့်ပြီးသား”လို့ အိုဘားမားက မိန့်ခွန်းမှာ ထည့်ပြောတယ်။ “ကျနော် ကတိပေးတယ်။ ကျနော်တို့ ခွန်အား၊ ကျနော်တို့ ခမ်းနားမှုတွေဟာ ဒေါ်နယ်ထရမ့်ပေါ် မူမတည်ပါဘူး”လို့လည်း ဆိုတယ်။
သမ္မတ အိုဘားမား မိန့်ခွန်းမှာ သူ့အုပ်ချုပ်ရေးသမိုင်းကြောင်းကို ကာကွယ်ပြီး ဟီလာရီကလင်တန်ကို ဒီမိုကရက်တစ် စံနှုန်းတွေ ဆက်လက်အကောင်အထည်ဖို့ “လက်ဆင့်ကမ်း”တာလို့ ပြောဆိုပါတယ်။
ဒါ့အပြင် သဘောထား ကွဲပြားနေတဲ့ ပါတီကို စုစည်းညီညွတ်ဖို့ ရည်ရွယ်ပါတယ်။ ဟီလာရီရဲ့ ပါတီတွင်း ပြိုင်ဘက် အထက်လွှတ်တော်အမတ် ဘားနီဆန်းဒါးစ်ရဲ့ နောက်လိုက် အများအပြား ဖြစ်ပြီး သူ့ကို ၂ ကြိမ် ဆက်တိုက် အရူးအမူး မဲဆွယ်ပေးကြတဲ့ လူငယ်ထုကို အားပေးခဲ့တယ်။
“ဒီည ကျနော့်ကို ပုံခဲ့သလို ဟီလာရီအပေါ်လည်း ပုံဖို့ ကျနော် တောင်းဆိုတယ်။ ကျနော့်ကို သယ်ခဲ့သလို ဟီလာရီကိုလည်း သယ်ပိုးကြဖို့ ကျနော် တောင်းဆိုတယ်” လို့ အိုဘားမားက မိန့်ခွန်း အပိတ်မှာ ထည့်ပြောတယ်။
သမ္မတ အိုဘားမားဟာ ဟီလာရီ နိုင်ငံခြားရေး ဝန်ကြီးဘဝက တွဲလုပ်ခဲ့ရတာတွေကို ဂုဏ်ဖော် ထုတ်ပြောရင်း ညီလာခံတွင်း ထိုင်နေတဲ့ သမ္မတဟောင်း ဘီလ်ကလင်တန်ကို ရည်ရွယ်ရင်း “ကျနော် ယုံကြည်စွာ ပြောနိုင်တယ်။ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ တာဝန်ကို ထမ်းဆောင်ဖို့ ဘယ်အမျိုးသမီး သို့မဟုတ် ဘီလ်ပဲဖြစ်ဖြစ် ကျနော်ပဲဖြစ်ဖြစ် ဘယ်အမျိုးသားမှ အရည်အချင်း ပိုပြည့်မှာ မဟုတ်ဘူး”ဟု ပြောတယ်။ အားလုံးနဲ့အတူ ဘီလ်ကလင်တန်လည်း မတ်တတ်ထ လက်ခုပ်တီး ဩဘာပေးရင်း “ဒါတော့ ကြိုက်တယ်”လို့ တုန့်ပြန်ပြောတယ်။
ရီပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကိုမူ အိုဘားမားက “အစီအစဉ်တကျ လုပ်ကိုင်တတ်တဲ့သူ မဟုတ်ဘူး။ အချက်အလက်မှန်တဲ့သူလည်း မဟုတ်ပါဘူး”လို့ နှိမ်လိုက်တယ်။
“သူ့ကိုယ်သူ စီးပွားရေးသမားပေါ့။ ဒါ မှန်တယ်။ ဒါပေမယ့် ကျနော် ပြောမယ်၊ ကျနော် စီးပွားရေးလုပ်ငန်းရှင် မိတ်ဆွေတွေ အမျိုးသားရော အမျိုးသမီးတွေ အများကြီးနဲ့ သိပါတယ်။ သူတို့ဟာ သူတို့သမိုင်းမှာ တရားစွဲခံရတာ၊ အလုပ်သမားတွေကို လစာထုတ်မပေးတာ၊ လူတွေက သူတို့ကို လိမ်သွားတယ်ဆိုပြီး မြင်တာမျိုးတွေ မရှိဘဲ အောင်မြင်လာတဲ့သူတွေပါ”လို့လည်း အိုဘားမားက ဒေါ်နယ်ထရမ့်ကို ရည်ရွယ်ပြောခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ည ညီလာခံမှာ ဒု-သမ္မတ ဂျိုးဘိုင်ဒင်၊ သမ္မတကတော် မီရှဲလ်အိုဘားမား အပါအဝင် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အများအပြား ဟီလာရီကလင်တန်ကို ထောက်ခံကြောင်း ထောက်ခံပြောဆိုကြပါတယ်။
အိုဘားမားဟာ နိုဝင်ဘာ ရွေးကောက်ပွဲက တက်လာတဲ့ သမ္မတသစ်ကို အာဏာလွှဲပြောင်းပေးရပါမယ်။