ကချင်ပြည်နယ် မိုင်ဂျာယန်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေး ကျင်းပနေစဉ် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင် (တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားကြောင်း သတင်း ရရှိသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲရှိ ဟိုပုန်တောင်တွင် KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၂) နှင့် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၀ လက်အောက်ခံ တပ်ရင်းများကြား ဇူလိုင်လ ၂၈ ရက်က မွန်းလွဲပိုင်း တကြိမ်၊ ညနေပိုင်း တကြိမ် ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ပြန်ကြားရေး ဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
ဒုဗိုလ်မှူးကြီး နော်ဘူ က “တပ်မတော်ဘက်က စစ်ကြောင်း သုံးကြောင်းနဲ့ ဝိုင်းပြီးတော့ တက်လာတယ်လို့ ပြောတယ်။ အဲဒါ ကြောင့် ခုခံတိုက်ပွဲတွေ ဖြစ်တယ်။ အစကတော့ လက်နက်ငယ်တွေနဲ့ ပစ်ကြတာ။ နောက်ပိုင်းတော့ တာမိုးညဲကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်လို့ ကြားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲ ဖြစ်ပွားမှု သေချာသော်လည်း အဆိုပါ တိုက်ပွဲကြောင့် နှစ်ဘက်ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများနှင့်ပတ်သက်ပြီး မြေပြင်သတင်းအပြည့် အစုံ ထက်တက် မလာ သေးသဖြင့် အတိအကျ မပြောနိုင်သေးဟုလည်း ဆိုသည်။
ထို့အပြင် တနိုင်းမြို့နယ် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ ဘက်တွင်လည်း တပ်မတော်ဘက်က စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်နေသည်ဟု KIA ဘက်က ပြောဆိုသည်။
တနိုင်းမြို့နယ် အတွင်းက စစ်ရေးလှုပ်ရှားမှု အပါအဝင် KIA တပ်မဟာ ၆ လက်အောက်ခံ ရှေ့တန်း တပ်နှင့် တိုက်ပွဲဖြစ် ပွားမှု၊ စသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က အတည်ပြုချက် မရရှိသေးသကဲ့သို့ တစုံတရာ ထုတ်ပြန် ခြင်း၊ ပြောဆိုခြင်းလည်း မတွေ့ရှိသေးပါ။
TNLA တပ်မဟာ (၅) နယ်မြေဖြစ်သည့် ကွတ်ခိုင်မြို့ တာမိုးညဲမြို့နယ်ခွဲ ဟိုပုန် ကျေးရွာ အနီးတွင် တပ်မတော် နှင့် ဇူလိုင် ၂၈ ရက် နေ့လယ် ၁နာရီမှ စ၍ ညနေ ၆ နာရီ ဝန်းကျင်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA ၏ သတင်းနှင့် ပြန်ကြားရေးကလည်း သတင်း ထုတ်ပြန် ထားသည်။
အဆိုပါ တိုက်ပွဲတွင် TNLA အပါအဝင် KIA မှ ပူးပေါင်းတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟု TNLA သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုတိုက်ပွဲ ဖြစ်ပွားရခြင်းများနှင့် ပတ်သက်၍ မေးမြန်းရန် ဧရာဝတီမှ တပ်မတော်၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် အောင်ရဲဝင်းကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပါ။
တိုက်ပွဲဖြစ်ပွားချိန်သည် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များကို ဖိတ်ခေါ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ကို တစုတစည်းထဲ တက်ရောက် ဆွေးနွေးနိုင်ရေးအတွက် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ တခုဖြစ်သည့် မိုင်ဂျာယန်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေး ကျင်းပ နေချိန်ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဆွေးနွေးနေချိန် တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဒုဗိုလ်မှူးကြီး နော်ဘူက “တပ် မတော်ကတော့ ငြိမ်းချမ်းရေးကို လိုလိုလားလားနဲ့ ထောက်ခံတာလား။ မဟုတ်လို့ရှိရင် မထောက်ခံတာလားတော့ ကျနော် တို့လည်း ပြောလို့တော့ မရဘူး။ ဒါပေမယ့် သူတို့ရဲ့ လုပ်ရပ်တွေကို ကြည့်ရင်တော့ နည်းနည်းတော့ အနှောင့် အယှက် ပေးချင်တဲ့ လုပ်ရပ်လို့တော့ မြင်ပါတယ်”ဟု ပြောသည်။
မိုင်ဂျာယန်တွင် ပြုလုပ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
TNLA နှင့် KIA အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ အဖွဲ့ဝင်ပြီး TNLA က နုတ်ထွက်စာ တင်ထားသည်။
ထို ၂ ဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်(NCA) မချုပ်ဆိုထားသည့် တိုင်းရင်းသား အဖွဲ့ ၂ဖွဲ့လည်း ဖြစ်သည်။
ကျော်ခ နှင့် နန်းလွင်နှင်းပွင့် ပူးပေါင်း ရေးသားသည်။