ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့၌ ထိုင်းအမျိုးသမီးငယ်တဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေများကို ယနေ့တွင် ပထမအကြိမ် ကြားနာစစ်ဆေးကြောင်း သိရသည်။
ယနေ့တရားခွင်သို့ ထိုင်းအမျိုးသမီးငယ်အား သတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခြင်း ခံထားရသည့် မြန်မာအလုပ်သမားလူငယ် ၄ ဦးအနက် အသက် ၁၈ နှစ် ပြည့်ပြီးသူများဖြစ်သည့် ကိုဝေလင်းနှင့် ကိုစိန်ဂတုံးတို့ပါ တရားရုံးသို့ ခေါ်ယူသော်လည်း ၎င်းတို့နှစ်ဦးကို စစ်ဆေးမေးမြန်းမှု မရှိသေးကြောင်း ထိုအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ ဦးမင်းဦးက ဧရာဝတီကို ပြောသည်။
“ဒီနေ့တော့ အစိုးရဘက်က တရားလိုပြ သက်သေတွေနဲ့ သေဆုံးသူရဲ့မိသားစုဝင်တချို့ကိုပဲ ကြားနာစစ်ဆေးတယ်။ မြန်မာနှစ်ယောက်ကတော့ တရားခွင်မှာ လာရောက်နားထောင်တာပါ” ဟု ၎င်းက ဆိုသည်။
ယနေ့ရုံးထုတ်ရာသို့ တရားလိုဘက်မှ သေဆုံးသူအမျိုးသမီးငယ်၏ မိခင်နှင့်အစ်မဖြစ်သူတို့အပြင် အခင်းဖြစ်ပွားရာအနီးမှ အကြားသက်သေတချို့ကိုပါ စစ်ဆေးခဲ့ပြီး၊ နောက်တကြိမ်ရုံးချိန်းအား သြဂုတ်လ ၂ ရက်၊ ၄ ရက်၊ ၅ ရက် စသည်ဖြင့် ဆက်တိုက် ကြားနာစစ်ဆေး သွားမည်ဟု ဦးမင်းဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာလ၂၈ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့၌ အသက် ၁၉ နှစ် အရွယ်ရှိ OraweeSamphaothong ခေါ် Apple ဆိုသူ ထိုင်းအမျိုးသမီးငယ် အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာလုပ်သား ၄ ဦးကို စွပ်စွဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံမြန်မာလူငယ် ၄ ဦး အနက် မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့သည် အသက်မပြည့်သေးသူများ ဖြစ်ပြီး၊ ကိုဝေလင်းနှင့် ကိုစိန်ဂတုံးတို့သည် အသက် ၁၈ နှစ် ပြည့်ပြီးသူများဖြစ်၍ ယနေ့တွင် ပြုလုပ်သည့် တရားခွင်သို့ ခေါ်ယူစစ်ဆေးခြင်း ဖြစ်သည်။ အသက်မပြည့်သေးသည့် မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့ကို ထိုင်းတောင်ပိုင်းရှိ ကလေးထိန်းသိမ်းရေး စခန်းတခု၌ ထိန်းသိမ်းထားကြောင်း သိရသည်။
စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာလူငယ်များက လူသတ်မှု၌ ၎င်းတို့ပါဝင်ခြင်းမရှိဟု ပြောဆိုထားကြသည်။ သို့သော် လူသတ်မှုဖြင့် စတင်ဖမ်းဆီးစစ်ဆေးစဉ်က ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့အား ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်းများကြောင့် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ရသည်ဟု ပြောဆိုကြသည်။
လက်ရှိအချိန်အထိ စစ်ဆေးထားသည့် သက်သေခံပစ္စည်း အထောက်အထားများအရ ခိုင်မာသည့် သက်သေ အထောက်အထား တစုံတရာ မတွေ့ရသေးကြောင်းနှင့် သေဆုံးသူ အမျိုးသမီးငယ်၏ အဝတ်အစားများနှင့် ဖမ်းဆီးခံထားရသည့် မြန်မာလူငယ်များ၏ အဝတ်အစားများ၊ အသုံးအဆောင်ပစ္စည်းများကို မျိုးဗီဇ (DNA ) စစ်ဆေးရာ၌ တူညီမှုမရှိဟု ဦးမင်းဦးက ပြောသည်။
“လူသတ်မှုနဲ့ ပတ်သက်ပြီးတော့ ပစ္စည်းတွေစုစုပေါင်း အခု ၃၀ ကို စစ်ဆေးပေမယ့် DNA က လုံးဝကိုက်ညီမှု မရှိပါဘူး” ဦးမင်းဦးက ဆိုသည်။
ထိုလူသတ်မှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံရှေ့နေများကောင်စီ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ဖွဲ့စည်းပေးထားသည့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကာကွယ်ရေး ကော်မတီနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီပေးနေသည့် အဖွဲ့အစည်းများက ကူညီပေးလျက်ရှိကြောင်း သိရသည်။