‘ဝ’ အဖွဲ့ အနေဖြင့် တိုင်းပြည်မှ လုံး၀ ခွဲထွက်မည် မဟုတ်ဘဲ ပြည်ထောင်စု၏ အစိတ်အပိုင်းတခုအဖြစ် ခံယူကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ကတိပြုခဲ့ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) တို့ ယနေ့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် တွေ့ဆုံပွဲအပြီး သမ္မတရုံး ဝန်ကြီးဌာန ဒု ညွှန်ချုပ် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဦးဇော်ဌေးက “ ‘ဝ’ သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ အထဲမှာ ရှိတဲ့ အစိတ်အပိုင်းတခုလို့ သူတို့က ခံယူတယ်။ နောက် မြန်မာနိုင်ငံကနေ ခွဲမထွက်ဘူးပေါ့။ ခွဲမထွက်ဘူးဆိုတဲ့ ကတိကဝတ်ကို အာမခံချက်ကို ပြောတယ်” ဟု ဆိုသည်။
‘ဝ’ အဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) အပေါ်တွင် မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေသည်ဟုလည်း သိရသည်။
“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လက်ထက် ပင်လုံစိတ်ဓာတ်နဲ့ တိုင်းပြည်ကို စုစည်း တည်ဆောက်တဲ့ ပုစံမျိုးနဲ့ ၂၁ ရာစု ပင်လုံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်မယ့်အပေါ်မှာ သူတို့က အဲဒီအပေါ်မှာလည်း မျှော်လင့်ချက် ကြီးကြီး မားမားထားတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ကလည်း ငြိမ်းချမ်းရေးအပေါ်တွင် မလိုလားအပ်သည့် ဆိုးကျိုးများ သက်ရောက်မည်ကို စိုးရိမ်၍ ‘ဝ’ နှင့် မိုင်းလား အဖွဲ့တို့အား တနိုင်ငံလုံး ပစ်ခတ်မှု ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးရန် တိုက်တွန်းခဲ့ခြင်း၊ သဘောထားပေးခြင်း မရှိခဲ့ကြောင်း၊ ယနေ့ တွေ့ဆုံမှုတွင် ၂ ဖက်စလုံးက ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
‘ဝ’ အဖွဲ့ အနေဖြင့်လည်း ပြည်နယ် တောင်းဆိုခြင်းမျိုး မရှိခဲ့ဘဲ ငြိမ်းချမ်းရေး ညီလာခံရောက်မှသာလျှင် တိုင်းရင်းသား အခွင့်အရေး၊ တန်းတူရေးများကို တောင်းဆိုနိုင်ကြောင်း၊ ယနေ့ ဆွေးနွေးမှုတွင် မြန်မာ့ တပ်မတော်နှင့် ပတ်သက်သည့် ကိစ္စ သီးခြား မပါဝင်ဘဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်နှင့် ‘ဝ’ နှင့် မိုင်းလား အဖွဲ့တို့က ယနေ့ တွေ့ဆုံမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။
ဦးဇော်ဌေးက “ဒီနေ့ တွေ့ဆုံပွဲမှာ တပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ပြောတာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အထူး ၂ ရော၊ အထူး ၄ ရောက Bilateral Agreement တွေ ထိုးခဲ့တယ်။ တပ်နဲ့လည်း ပြဿနာက ကြီးကြီးမားမား မရှိဘူး။ မရှိတဲ့အတွက် တပ်နဲ့ပတ်သက်လို့ကတော့ High Light ထွေထွေထူးထူး မရှိဘူး” ဟု ပြောသည်။
ယခင် အစိုးရ အဆက်ဆက်က ဖြေရှင်းနိုင်ခဲ့ခြင်း မရှိသည့် ပြည်တွင်း ငြိမ်းချမ်းရေးကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဖြင့် ဖြေရှင်းနိုင်မည်ဟု အစိုးရက ယုံကြည်ထားပြီး ယခုညီလာခံ အောင်မြင်ပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း၊ ညီလခံတွင် တပ်မတော်လည်း ပါဝင်မည် ဖြစ်သဖြင့် ဘုံသဘောတူညီချက်တခု ရရှိနိုင်ရန် မျှော်လင့်ထားကြောင်း ဦးဇော်ဌေးက ပြောသည်။
“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရမယ်လို့ ပြောထားပြီးသား။ ပုံစံက အဲဒီမှာပေါ်မယ်။ တိုင်းရင်းသား အားလုံး လက်ခံနိုင်တဲ့ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာကို ပြည်ထောင်စု သဘောတူညီချက်ဆိုတာ ထွက်လာမယ်။ ထွက်လာပြီးရင် ဖွဲ့စည်းပုံကို ပြင်မယ်။ အဲဒီက သဘောတူညီချက်တွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်” ဟု ဦးဇော်ဌေးက ပြောသည်။
သို့သော် ယနေ့ တွေ့ဆုံပွဲသည် သဘောတူညီချက်၊ ဆုံးဖြတ်ချက် ချသည့်ပွဲ မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ခုနှင့် စတင် တွေ့ဆုံသည့် ပွဲဖြစ်ကြောင်း၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့နှင့် ‘ဝ’ အဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ပြီး နောက်ရက်တွင် ရန်ကုန်မြို့၌ မိုင်းလား အဖွဲ့နှင့် တွေ့ဆုံမည်ဟု သိရှိရသည်။