၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေကို ဖျက်သိမ်းရန် တပ်မတော်က သဘောမတူကြောင်း သတင်းရရှိသည်။
၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေကို ဖျက်သိမ်းရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက တင်ပြခဲ့ရာ တပ်မတော်က သဘောမတူဘဲ ဥပဒေ တခုလုံးကို ပယ်ဖျက်မည့်အစား ခေတ်ကာလနှင့် မလျော်ညီသော ပုဒ်မများကို ပြင်ဆင်ပယ်ချက်ခြင်းများ ပြုလုပ်သင့်သည်ဟု အကြံပြုခဲ့ကြောင်း ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က လွှတ်တော်တွင် ပြောကြားသည်။
ဥပဒေကြမ်း ကော်မတီဝင် ဗိုလ်မှူးချုပ် မောင်မောင်က ဥပဒေအား ပယ်ဖျက်မည်ဆိုပါက ခေတ်နှင့်လျော်ညီသည့် ဥပဒေအသစ် ရေးဆွဲပြဌာန်းပြီးမှသာ ပယ်ဖျက်သင့်ကြောင်း အကြံပြု တင်ပြခဲ့သည်ဟု သိရသည်။
၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေသည် လူတဦးကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းချင်သည့် အချိန်တွင် ဖမ်းဆီး အရေးယူနိုင်ကြောင်း၊ ဥပဒေမှာ ၁၉၅၀ ခုနှစ်တွင် စစ်ရေး သတင်းများ ပေါက်ကြားမည်ကို စိုးရိမ်၍ ပေါ်ပေါက် လာသော်လည်း အစိုးရ အဆက်ဆက်သည် အတိုက်အခံများနှင့် လူထုကို နှိပ်ကွပ်ရန် တလွဲ အသုံးပြုခဲ့ကြောင်း သိရှိရသည်။
“ဒီဥပဒေ ရှိနေသမျှ နိုင်ငံသားတွေ အတွက်က မလုံခြုံဘူး။ ပြည်သူ့ လုံခြံုမှုအတွက် ဒီလို ရုတ်သိမ်းဖို့ တင်ရတာ ဖြစ်ပါတယ်” ဟု ဦးထွန်းထွန်းဟိန်က မီဒီယာများသို့ ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ပြည်သူလူထု ဘဝလုံခြံုမှုအတွက် ၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေ ရုတ်သိမ်းသည့် ဥပဒေကြမ်းကို တင်သွင်းရခြင်း ဖြစ်သည်ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။
သို့သော် တပ်မတော်ကမူ ယခု ဥပဒေကို ကျင့်သုံးရာတွင် အလွဲသုံးစွဲ ဆောင်ရွက်ခြင်းမျိုးကို မလုပ်ဆောင်နိုင် စေရန်အတွက် ထိန်းညှိပေးရန်သာ လိုအပ်ကြောင်း၊ ဥပဒေကို ပယ်ဖျက်ခြင်းထက် ပုဒ်မများကိုသာ ပြင်ဆင်ရန် သဘောထား ရှိသည်ဟု သိရသည်။
ဦးထွန်းထွန်းဟိန်က “ဒီဥပဒေက စစ်ရေးအရ အသုံးပြုခဲ့တာ မှန်တယ်။ နောက်ပိုင်းမှာ စစ်ရေးအရ သာမက နိုင်ငံရေးအရပါ အသုံးပြုလာတယ်။ ဖဆပလ၊ တော်လှန်ရေးကောင်စီ၊ နောက်ဆုံးအကြိမ်အထိ သုံးလာတယ်။ NLD အစိုးရ တက်လာတယ်။ ဒီဥပဒေဟာ အစိုးရအတွက် ဆိုရင်တော့ လူတယောက်ကို ဖမ်းဖို့အတွက် သိပ်လွယ်တာပဲ” ဟု ပြောသည်။
NLD အစိုးရလက်ထက်တွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် မကိုက်ညီသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များကို အတတ်နိုင်ဆုံး ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ ယခုဥပဒေကို တချို့က လုံးဝပယ်ဖျက်ရန်ထက် ပြင်ဆင်ပြဌာန်းရန် အကြံပြုချက်များ ရှိသည့်အပေါ် သဘောမတူကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီဝင် ဦးလွင်ကိုလတ်က ပြောသည်။
သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က “ဒီဥပဒေက လူ့အခွင့်အရေး လှုပ်ရှားခဲ့သူတွေကို အရေးယူခဲ့တာ။ ကျနော်ကိုယ်တိုင်က ဒီဥပဒေနဲ့ အရေးယူခံခဲ့ရတာ။ လူအခွင့်အရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားခဲ့သူတွေရော ပြည်သူလူထုကိုရော ဖိနှိပ်ခဲ့တဲ့ ဒီဥပဒေမျိုး နောင်တချိန်မှာ မရှိသင့်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီကမူ ၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေသည် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နေချိန်တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို အချိန်အခါမရွေး ဖိနှိပ်ချုပ်ချယ်သော ဥပဒေဖြစ်သည်ဟု သုံးသပ်ထားကြောင်း သိရှိရသည်။
ယခု ဥပဒေကို ဖျက်သိမ်းရန် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ၊ ရှေ့နေချုပ်ရုံးနှင့် ပြည်ထဲရေး ၀န််ကြီးဌာနတို့ ပါ၀င်ခဲ့ကြောင်း သိရှိရသည်။