ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံများတွင် အမြဲနိုင်နေသည့် ပါတီ မရှိသလို အမြဲရှုံးနေသည့် ပါတီမျိုးလည်း မရှိကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ဥက္ကဋ္ဌ ဦးသိန်းစိန်က ယနေ့နံနက် နေပြည်တော်ရှိ ပါတီ ရုံးချုပ်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ပါတီ ညီလာခံ အဖွင့် မိန့်ခွန်းတွင် ပြောဆိုလိုက်သည်။
သမ္မတဟောင်းလည်း ဖြစ်သော ဦးသိန်းစိန်က ကမ္ဘာ့နိုင်ငံများရှိ နိုင်ငံရေး ပါတီများသည် မိမိတို့ပါတီကို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု အဖြာဖြာကို ကျွမ်းကျင်နှံ့စပ်ရန် မပြတ်လေ့လာ ပြင်ဆင်ကြပြီး အချိန်အခါ ရောက်လာ ၍ ပြည်သူက ရွေးချယ် တာဝန်ပေးအပ်ပါက စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားကြကြောင်း၊ ပြည်သူများက လည်း မည်သည့် ပါတီကို နိုင်ငံ့တာဝန် ပေးအပ်ရင် ကောင်းမည်နည်းဟု စဉ်းစားပြီး မဲပေးရွေးချယ်ကြခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ပါတီလည်း အလားတူ ပြင်ဆင်ထားရမည် ဖြစ်ကြောင်း ဆိုသည်။
ပြည်သူ့ပါတီဖြစ်ရန်အတွက် ပြည်သူနှင့် အမြဲထိတွေ့နေပြီး ပြည်သူနှင့် တသားတည်း ရှိနေကြရမည် ဖြစ်ရာ၊ ပြည်သူလူထု ၏ အခက်အခဲ အကြပ်အတည်းများကိုလည်း ကူညီဖြေရှင်းပေးကြရန် လိုကြောင်း၊ အခြေအနေမှန်များကို သိရန် အောက် ခြေ အထိ ကွင်းဆင်း ထိတွေ့နေကြရန်လည်း လိုကြောင်း၊ တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်း လုပ်ကိုင်ရာတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကိစ္စရပ်များကို တချိန်တည်း တပြိုင်တည်း ဆောင်ရွက်ရုံသာ မက ကဏ္ဍအသီးသီးတွင် တိုးတက်ရန် ကြိုးစား လုပ်ဆောင်ကြရမည် ဖြစ်ကြောင်းလည်း သူက ပြောသည်။
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ရှေးရှုဦးတည်လျက် လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ကို အခြေခံပြီး ဒီမိုကရေစီ အရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးနှင့် အာမခံချက်များ ပါရှိသည့် ဒီမိုကရေစီနှင့် စစ်မှန်သည့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ထူထောင် တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးပါတီ များ၊ တိုင်းရင်းသား ပြည်သူများ အားလုံးနှင့်အတူ ၀ိုင်းဝန်းပါ၀င် ကြိုးပမ်းဆောင်ရွက်ကြပါဟုလည်း ဦးသိန်းစိန်က တိုက်တွန်း သွားသည်။
ဦးသိန်းစိန်၏ ပါတီညီလာခံ အဖွင့်မိန့်ခွန်းနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း က ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံများတွင် ပါတီတခုက အမြဲမနိုင်ဆိုသည်မှာ အခြေခံအားဖြင့် မှန်သော်လည်း မြန်မာနိုင်ငံတွင်မူ USDP ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ဘာကြောင့် ရှုံးခဲ့သည်ကို ပြန်လည် သုံးသပ်နိုင်မှသာလျှင် အနာဂတ်တွင် မှန်ကန်သော အဖြေကို ရရှိလိမ့်မည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ပါတီစုံ ဒီမိုကရေစီခေတ် မရောက်ခင်က အစိုးရအဆက်ဆက်ရဲ့ ချို့ယွင်းအားနည်းချက်တွေ ရှိခဲ့တယ်။ အထူးသဖြင့် Corruption (အဂတိလိုက်စားမှု) ကို ပြည်သူလူထုက တော်တော် စိတ်ပျက်ခဲ့တယ်။ အဲဒီ အကျိုးဆက်ကို ဦးသိန်းစိန် အစိုးရ ခံသွားရတာပဲ။ ပြောရရင် ပါတီမှာ သန့်စင်တဲ့ ခေါင်းဆောင်မှုမျိုးလိုတယ်”ဟုလည်း ဦးရဲထွန်းက ပြောဆိုသည်။
ယနေ့ပြုလုပ်သည့် USDP ပါတီ၏ ဒုတိယအကြိမ် ပါတီညီလာခံကို သတင်းမီဒီယာများအား ၀င်ရောက် သတင်းယူခွင့် မရှိပြုခဲ့ပေ။