ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးတင်မောင်တိုးကို စက်တင်ဘာ ၄ ရက်နေ့တွင် ဦးဝင်းထိန်မှ နှုတ်မိန့်ဖြင့် ထုတ်ပယ်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းသို့ ထုတ်ပယ်ရခြင်းမှာ ဦးတင်မောင်တိုး၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် “ CEC ဆိုတာ ဝယ်လို့ရတယ်။ သမိုင်း ဆိုတာ ဝယ်လို့မရဘူး” ဆိုသည့် စာရေးသားမှုကြောင့် နှုတ်မိန့်ဖြင့် ထုတ်ပယ်ခြင်း ဖြစ်ကြောင်း၊ ထို နှုတ်မိန့်ဖြင့် ထုတ် ပယ်ခြင်းမှာ NLD စည်းမျဉ်းစည်းကမ်း နှင့် မညီညွတ်ကြောင်းလည်း တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဧရာဝတီ သို့ ပြောသည်။
ဦးတင်မောင်တိုး က “ဒီလို ရေးလိုက်တာ NLD စည်းမျဉ်းစည်းကမ်နဲ့ ထုတ်ပိုင်ခွင့်မရှိဘူး။ နှုတ်မိန့်နဲ့လည်း ထုတ်လို့မရဘူး။ ပါတီမှာက တစုံတယောက် အပြစ်ရှိတယ်လို့ တိုင်ကြားလာရင် အဆင့်ဆင့် စည်းကမ်း ထိန်းသိမ်းရေးကို တင်ရတယ်။ ဗဟို စည်းကမ်း ထိန်းသိမ်းရေးက ဘယ်လို ပြစ်ဒဏ် ချမှတ်ရမှာလဲ ဆိုတာ ခေါ်ပြီး ချမှတ်ရမှာပေါ့။ ပါတီက နားတာ၊ ပါတီ ဝင် အဖြစ်ကနေ ရပ်စဲတာက ဗဟို စည်းကမ်း ထိန်းသိမ်းရေးက ဆုံးဖြတ်ရတာပါ” ဟု ဆိုသည်။
ဦးဝင်းထိန်သည် NLD ပါတီ ဗဟိုအမှုဆောင် တဦး ဖြစ်သည့်အတွက် NLD စည်းမျဉ်းစည်းကမ်း အတိုင်း လုပ်ဆောင် သင့်ကြောင်း၊ ပါတီမှ ထုတ်ပယ်သည့်ကိစ္စ နှုတ်မိန့်ဖြင့် မထုတ်ဘဲ တရားဝင် စာထုတ်ပေးရန် ဦးတင်မောင်တိုးက ဦးဝင်းထိန်ကို တောင်းဆိုလိုက်သည်။
“ကျနော်က ပါတီ စည်းမျဉ်းစည်းကမ်း တခုမှ မချိုးဖောက်ဘူး။ အရင် ပါတီ စည်းမျဉ်းစည်းကမ်း ချိုးဖောက်တာ ဦးဝင်းထိန် ဖြစ်နေတယ်လို့။ အဲဒီတော့ ကျနော်တို့ ကလည်း တတ်နိုင်သလောက် ဥပဒေအတိုင်း ရင်ဆိုင်သွားမယ်။ ပါတီ စည်းမျဉ်း စည်းကမ်းအတိုင်း ရင်ဆိုင်မယ်” ဟုလည်း ဦးတင်မောင်တိုးက ဆက်လက်ပြောသည်။
ရှမ်းပြည်တောင်ပိုင်း NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက “တကယ်ဆိုရင် ပါတီဝင် တယောက်ကို ထုတ်ချင်း ဖယ်ချင်းဆိုတာ CEC အစည်းအဝေး ကနေပြီးတော့ ဆုံးဖြတ်ရမှာ။ ဒီလို လုပ်တယ်ဆိုရင် NLD ပါတီက အာဏာရှင်ပါတီမှ မဟုတ်ဘဲ။ အာဏာ ရှင် ဆန်သွားတဲ့သဘော သက်ရောက်သွားမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ဦးတင်မောင်တိုးသည် ၈၈ အရေးတော်ပုံ ကာလကတည်းက NLD ကို ၀န်းရံ ကူညီပေးခဲ့သူတဦးဖြစ်ပြီး၊ သူသည် ပါတီ အပေါ်၊ လူထုအပေါ် သစ္စာမဖောက်ဘဲ လူထု အားကိုးရသည်သူ၊ လယ်ယာ ပြဿနာ လူ့အခွင့်အရေး ဆုံးရှုံးမှုများကို တက်ကြွစွာ ကူညီလုပ်ကိုင်သည့်သူ၊ ရှမ်းပြည်လူထုအတွက် အားကိုးရသည်သူ တဦးဖြစ်ကြောင်းလည်း ဒေါ်ခင်မိုးမိုးက ဆိုသည်။
ရှမ်းပြည်နယ် အလုပ်အမှုဆောင် အဖွဲ့အသစ် ပြန်လည်ရွေးချယ်ပေးရန် အတွက် ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်သည် စက်တင်ဘာ ၃ ရက်နေ့တွင် တောင်ကြီးမြို့သို့ ရောက်ရှိခြင်းဖြစ်ပြီး၊ လူမှုကွန်ရက်ပေါ်တွင် တောင်ကြီး ခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုး၏ ရေးသားထားသည့် စာသားကြောင့် စက်တင်ဘာ ၄ ရက်နေ့တွင် ဦးဝင်းထိန်၏ နှုတ်မိန့်ဖြင့် ထုတ်ပယ်လိုက်ကြောင်း သိရသည်။
NLD ပါတီ ဗဟို ကော်မတီအဖွဲ့ဝင် မှ ဦးဉာဏ်ဝင်းက “ကျနော် ဘာမှမသိဘူး။ ကျနော် အကြောင်းအရာ မသိဘဲနဲ့ မေးခွန်း တွေ မဖြေနိုင်ပါဘူး။ ဒီကိစ္စကို တောင်ကြီးမှာဖြစ်တော့ တောင်ကြီးကို လှမ်းဆက်ပါ။ ကျနော်ကို မမေးပါနဲ့။ ကျနော် မဖြေ နိုင် တာ ကျနော်မသိလို့ပါ” ဟု ဧရာဝတီသို့ပြောသည်။
ရှမ်းပြည်နယ် ဗဟို အလုပ်အမှုဆောင် အသစ် ရွေးချယ်မှုနှင့် တောင်ကြီး ခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးအား နှုတ်မိန့်ဖြင့် ထုတ်ပယ် သည့်အပေါ် တောင်ကြီးမြို့နယ် NLD ပါတီဝင်များ ကန့်ကွက်ကြကြောင်း သိရသည်။