ထိုင်းနိုင်ငံရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေး ပို့ကုန်လုပ်ငန်းကြီးတခုဖြစ်သည့် Betagro အား မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၄ဦးက နှစ်ပေါင်းများစွာ အဓမ္မခိုင်းစေမှုဖြင့် ဆာရာဘူရီခရိုင် အလုပ်သမား တရားရုံး၌ ပြီးခဲ့သည့် သောကြာနေ့က တရားစွဲဆိုလိုက်သည်။
Betagro ကုမ္ပဏီသည် အဆိုပါ အလုပ်သမား ၁၄ဦးကို လော့ဘူရီခရိုင်ရှိ ကြက်မွေးမြူရေးခြံတွင် နှစ်ပေါင်းများ မတရားခိုင်းစေခဲ့သည့်အတွက် နစ်နာကြေး ထိုင်းဘတ် ၄၆ သန်း (အမေရိကန်ဒေါ်လာ ၁.၃၃ သန်း ) ရရှိရန် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
အဆိုပါ အလုပ်သမား ၁၄ဦး၏ လှုပ်ရှားမှုနှင့် ပတ်သက်ပြီး အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများက ထောက်ခံသည့်လက်မှတ်ပေါင်း ၄၅၀၀ကျော်ကို ထိုင်းကြက်ဘဲမွေးမြူတင်ပို့သူများအသင်း(Thai Broiler Processing Exporter Association) ထံသို့ပေးပို့ခဲ့ကြောင်း အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ယင်းကုမ္ပဏီအား လော့ဘူရီခရိုင် အလုပ်သမားအကာအကွယ်ပေးရေးနှင့် လူမှုဖူ လုံရေးဌာန(Department of Labor Protection and Welfare)က ဘတ် ၁.၇သန်း(အမေရိကန်ဒေါ်လာ ၅၀၀၀၀) လျော်ကြေးပေးရန် ချမှတ်ခဲ့ပြီးဖြစ်သော်လည်း နစ်နာသူ အလုပ်သမားများက ၅နှစ်ခန့် အဓမ္မခိုင်း စေခံရခြင်းနှင့် နှိုင်းယှဉ်ပါက ယင်းငွေကြေးမှာ လုံလောက်မှုရှိကြောင်း ဆုံးဖြတ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ရွှေ့ပြောင်းလုပ်သား အခွင့်အရေး ကွန်ယက်( MWRN) ၏ နိုင်ငံတကာရေးရာအတိုင်ပင်ခံ အင်ဒီဟောက “သူတို့တွေဟာနှစ်ပေါင်းများစွာအတင်းအဓမ္မစေခိုင်းခံရတယ်။ ငွေနည်းနည်းပဲရတယ်။ Betagro ဆိုတာ အင်မတန်ကြီးမားတဲ့ ကော်ပိုရေးရှင်ကြီးလေ။ ဒီကိစ္စသူတို့တာဝန်ယူရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ကြက်မွေးမြူရေးခြံတွင် အလုပ်သမားတဦးလျှင် အချိန်ပို ၁၁နာရီအထိ လုပ်ရကြောင်း၊ လော့ဘူရီ ခရိုင် အလုပ်သမားအကာအကွယ်ပေးရေးနှင့် လူမှုဖူ လုံရေးဌာန၏ ကနဦးဆုံးဖြတ်ချက်မှာ အချိန် ပိုလုပ် အားခ ၂နာရီမှ ၄နာရီခန့်သာ တန်ဖိုးရှိသည့် အတွက် တရားစွဲရခြင်းဖြစ်ကြောင်းလည်း ရှင်းပြသည်။
Betagro၏ အဓိက စီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသင့်စားအသားများနှင့် အေးခဲအသား များကို ထိုင်းနိုင်ငံတဝှမ်းသာမက ဥရောပနှင့် ဂျပန်အပါအဝင် နိုင်ငံတကာ စျေးကွက်သို့လည်း တင်ပို့သည်။
ထို့အပြင် အမေရိကန်၊ ကနေဒါနှင့်သြစတေးလျတို့သို့ အိမ်မွေးတိရစ္ဆာန်အစားအစာများလည်းတင်ပို့သည်။
အလုပ်သမားအခွင့်အရေးလှုပ်ရှားမှု အဖွဲ့များ၏အဆိုအရ ယင်းအလုပ်သမားများမှာ တနေ့လျှင် နာရီ ၂၀မျှ ပင်ပင် ပန်းပန်းလုပ်ကိုင်ခဲ့ရပြီး ကြက်မွေးမြူသောနေရာများ၌ အိပ်စက်ကြရသည့်အပြင် ခြိမ်းခြောက်ခြင်း၊
ကိုယ်ရေးစာရွက်စာတမ်းများသိမ်းဆည်းခြင်းနှင့် လစာဖြတ်တောက်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှု များကို ခံရသည်ဟု သိရသည်။
အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများက ထိုင်းကြက်ဘဲမွေးမြူတင်ပို့သူများအသင်းသို့ Betagro ကုမ္ပဏီက ယင်း အလုပ်သမား ၁၄ဦးကိုလျော်ကြေးပေးရန် တိုက်တွန်းတောင်းဆိုခြင်းသာမက ခေတ်သစ်ကျေးကျွန်စနစ်ဆက်လက်မတည်ရှိစေရေးအတွက် ညံ့ဖျင်းသောလုပ်ငန်းခွင်အခြေအနေများကိုပါ စုံစမ်းစစ်ဆေးရန်လည်း တောင်းဆိုခဲ့သည်။