၂၁ရာစု ပင်လုံညီလာခံနှင့် ပတ်သက်ပြီး တိုင်းရင်းသားအရေး၊ ရှေ့ဆက်ရမည့် ငြိမ်းချမ်ရေး အခြေအနေ၊ လက်ရှိ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး အကြံပေးကော်မတီအပေါ် အမြင်၊ အစိုးရဟောင်းနှင့် အစိုးရ သစ်တို့၏ ပထမဆုံးသက်တမ်း ၅ လအတွင်း လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ နှိုင်းယှဉ်သုံးသပ်ချက်များကို ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်အား ဧရာဝတီ အင်္ဂလိပ်ပိုင်း အကြီးတန်းသတင်းထောက် ကျော်ဆုမွန်က တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ အခု ပင်လုံညီလာခံလုပ်တယ်။ ညီလာခံမှာ“၀ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ ” ပြန်သွားတာတွေဖြစ်ခဲ့တယ်၊ ဒါကြောင့် ညီလာခံနောက်ပိုင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ်လို့ ထင်လား၊ အချိန်ဘယ်လောက်ယူရမယ်ထင်လဲ၊ ဘယ်အချက်တွေက အဓိကလိုအပ်နေတယ်လို့ မြင်ပါသလဲ။
ဖြေ ။ ။ ၂၁ ရာစုပင်လုံ ပထမအစည်းအဝေးကတော့ လူတွေအားလုံးဆုံအောင်၊ တက်နိုင်အောင်လုပ်တာရယ်၊ လူတွေကို ရင်ဖွင့်ခွင့်ပေးတာရယ်ပါပဲ၊ သူတို့ပြောနေကြတာအားလုံးက အဖြေတွေကို ပြောနေကြတာမဟုတ်ဘူး။ ဒီလောက်ပဲလုပ် နိုင်ဦး မယ်ထင်တယ်။ အမျိုးသားအဆင့်ပွဲတွေကျမှ ပိုပြီး လုပ်နိုင်မယ်ထင်တယ်။ ဒါပေမယ့် NCA လက်မှတ်မထိုးရင် အမျိုး သားအဆင့်မှာ မပါဘူး ဆိုတော့ ဒုံရင်း ဒုံရင်း ပြန်ရောက်မယ့်သဘောဖြစ်နေတယ်။
ဒါပေမယ့် ဘယ်လိုအဖြေရှာမလဲဆိုတာကြည့်ရမယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ၁၉၄၇ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ် မတူတာ အားလုံးလက်ခံရမယ်။
အခု ပြောနေကြတဲ့ လူမျိုးကြီးဝါဒကို တနိင်ငံလုံးအဆင့် ဆန့်ကျင်ဖို့လိုသလို ဒေသတခုချင်းစီမှာလည်း ဒီဝါဒကို စွန့်ပယ် ပစ်ဖို့လိုတယ်။ ဥပမာဆိုရင် ဒီနေ့ ရှမ်းတိုင်းရင်းသားတွေက ပိုတိုးတက်လာလို့ သူတို့ကို လုပ်ပိုင်ခွင့်ပိုပေးရမယ်လို့ပြော တယ်။ လက်ခံတယ်။ ဒါပေမယ့် ရှမ်းပြည်နယ်ထဲမှာ နေတဲ့ ပအို့၊ ပလောင်၊ ဓနု ကိုးကန့်၊ ဝ၊ လားဟူ၊ အင်းသားတွေရှိတယ်။
သူတို့တွေဆိုရင်လည်း ရှမ်းစော်ဘွားတွေလက်အောက်မှာ မျက်စိပိတ်၊ နားပိတ်နေခဲ့ကြတဲ့ဘ၀ မဟုတ်တော့ဘူး။ အခုရှမ်း တွေက လုပ်ပိုင်ခွင့်တွေပေးပါလို့ တောင်းနေတဲ့အချိန်မှာ သူ့ဒေသထဲမှာရှိတဲ့ လူမျိုးစုငယ်တွေကိုလည်း ဒီအခွင့်ရေးပေးနိုင် ဖို့အသင့်ရှိရမယ်။ ၀ က သူ့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပါလို့ပြောနေတဲ့အချိန်မှာ သူတို့ကို ရန်စွယ်ငေါငေါနဲ့ သွားပြောလို့ မရတော့ဘူး။
၁၉၄၇ ခုနှစ်က ၀ တိုင်းရင်းသားနဲ့ ၂၀၁၆ အခြေအနေက ကွာသွားပြီ။ ဒါမှ အဖြေရှာလို့ရမယ်။ အခုဟာက ဗမာလူမျိုးကြီး ဝါဒ ဆိုတာကိုပဲ တိုက်ခိုက်နေကြတယ်။ ကိုယ်ကော ကိုယ့်ဒေသမှာ ကိုယ်ကလူမျိုးကြီးဝါဒဖြစ်နေသလား ကြည့်ရမယ်။ ဘယ်လိုဆက်ဆံနေသလဲ ကြည့်ဖို့လိုပါတယ်။ အောင်မြင်ဖို့ဆိုရင် တနိုင်ငံလုံးမှာ လူမျိုးကြီးဝါဒကို စွန့်ပယ် ပစ်ရမယ်။
တကယ်ငြိမ်းချမ်းရေးရပြီး ပြည်ထောင်စုစနစ်ကိုသွားပြီဆိုရင် အချုပ်အချာအာဏာက ပြည်သူတွေ လက်ထဲမှာရှိတယ်။ တပ်မတော်က ရှင်းတယ်၊ ငြိမ်းချမ်းရေးမရသေးလို့သူတို့ ၂၅ ရာခိုင်နှုန်းပါနေရတယ်။ ငြိမ်းချမ်းရေးရမယ်ဆိုရင် ထွက်သွား မှာပဲလို့ တပ်ချုပ်က ပြောနေတယ်။ ဒါဆို အခု လက်နက်ကိုင်ခေါင်းဆောင်တွေကကော သူတို့ဒေသမှာ ပြည်သူတွေရဲ့ မဲနဲ့ ရွေးချယ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာအရ အသင့်ဖြစ်နေဖို့ လိုအပ်တယ်။ ဒါကို မပြည့်စုံဘဲနဲ့ငြိမ်းချမ်းရေးရဖို့ အချိန်ဆိုတာကို ပြောဖို့ က ခက်နေတယ်။
မေး ။ ။ ရခိုင်အရေးနဲ့ ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်ဖွဲ့တဲ့အခါ အရင် ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်တွင်းက လူတွေနဲ့ပဲ ဖွဲ့ခဲ့တယ်။ အခု အစိုးရလက်ထက်ကျတော့ နိုင်ငံတကာကသူတွေ ပါလာပြီ။ အရင်အစိုးရ လက်ထက်မှာက တည်းက ပြဿနာတွေကို ခုထိ ဖြေရှင်းလို့မပြီးဘူး၊ ဒီတော့ အခုဖွဲ့တဲ့ ကော်မရှင်လက်ထက်မှာကော ဘာပိုထူးခြားသွား မယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ လက်တွေ့ကျဖို့လိုတယ်ဗျ။ ရခိုင်မှာ ဖြစ်တဲ့ ပြဿနာကို ကိုယ့်ပြည်တွင်းမှာပဲ ဖြေရှင်းမယ်လို့ ကြိုးစားခဲ့ပြီးပြီ။ ဦး သိန်းစိန်လက်ထက်တုန်းက တော်တော် လက်တွေ့ကျကျလုပ်နိုင်မယ့် သမာသမတ်ကျတဲ့သူတွေ ထည့်ဖွဲ့ခဲ့တယ်။ ဒါပေ မယ့် ရခိုင်တိုင်းရင်းသားတွေအနေနဲ့ လက်ခံနိုင်တဲ့ အတိုင်းအတာရခဲ့ပေမယ့် ဟိုဘက်အဖွဲ့အစည်းက လက်ခံနိုင်တဲ့ အတိုင်းအတာ မရခဲ့ဘူး။ နိုင်ငံတကာ အသိမှတ်ပြုမှုကလည်း အားမကောင်းခဲ့ဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်တို့က နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရဖို့ ကိုဖီအာနန်တို့ကို ဆွဲသွင်းတယ်လို့မြင်တယ်။
ဒါဟာ အသွားနှစ်ဖက်နဲ့ဓားပဲ၊ ကိုယ်အသုံးချနိုင်ရင်တော့ ပိုပြီးတော့ အကျိုးရှိမယ်။ အသုံးချဖို့က ရခိုင်တိုင်းရင်းသားတွေ ကိုယ်တိုင်က ဒီကော်မရှင်ကို အချက်အလက်တွေ လာပေးဖို့လိုတယ်။ မပေးနိုင်ဘူးဆိုရင် ကော်မရှင်က သူတွေ့တာ သူရေးရင် တိုင်းရင်းသားတွေ လိုချင်တဲ့အဖြေရမှာမဟုတ်ဘူး။
နောက်တခုက အားလုံးရခိုင်နဲ့ ပတ်သက်ပြီး စိတ်ပူနေတဲ့သူတွေသိဖို့က တိုင်းရင်းသားအခွင့်အရေးနဲ့ နိုင်ငံသားအခွင့် အ ရေးက မတူဘူးဆိုတာပါပဲ။ ဘင်္ဂါလီလို့ ခေါ်နေတဲ့သူတွေကို ဘယ်လိုမှ တိုင်းရင်းသားပေးလို့မရဘူး။ သို့သော် နိုင်ငံသား ဥပဒေအရ စနစ်တကျ စိစစ်မယ်ဆိုရင် နိုင်ငံသားအဖြစ် လက်ခံနိုင်ဖို့ အသင့်ရှိရမယ်။ ဒါက အခြေခံပဲ။
ဘင်္ဂါလီမှာလည်း လူမျိုးစုခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်တွေကို ကျော်ပြီးမှ တကယ့်လူထုနဲ့လည်း ထိတွေ့ဖို့လို တယ်။ သူတို့တွေ ဘာလိုချင်နေတာလဲ။ နိုင်ငံသားအခွင့်ရေးနဲ့ လွတ်လွတ်လပ်လပ် သွားလာဖို့ လိုချင်နေတာလား။ ဒါမှမဟုတ် စကားလုံးတလုံးကို ငြိတွယ်ပြီး တိုင်းရင်းသားအဖြစ် တောင်းနေမှာလား။ ဒီအဓိပ္ပာယ်ကို နားလည်လား ဆိုတာကိုလည်း ပြောရမယ်။
အခုက ခေါင်းဆောင်ဆိုတဲ့သူတွေကိုယ်တိုင်က အစွန်းရောက် အယူအဆတွေဖြစ်နေတယ်။ ကျနော် ရခိုင်ရောက်တုန်း သူ တို့နဲ့တွေ့တော့ အောက်ခြေဘက်က လူတွေက ဒီရိုဟင်ဂျာဆိုတာကို စွဲကိုင်ထားမှ အခွင့်အရေးတွေရမယ်။ လွတ်လပ်စွာ သွားလာခွင့်ရမယ်လို့ လွဲမှားစွာ နားလည်နေတာရှိတယ်။ ဒါကိုလည်း ကျော်ပြီး ပြောပြရမယ်။ အဖြေကတော့ ဒီနှစ်ခုရဲ့ ကြားမှာပဲ ရှိလိမ့်မယ်။ ဒီပြဿနာက ဖြေရှင်းဖို့ကြာလာလေ၊ ရခိုင်ရဲ့ပုံရိပ်၊ နိုင်ငံရဲ့ပုံရိပ်ပဲ ထိခိုက်လာတာ၊ ဒါကြောင့် ဒေါ် အောင်ဆန်းစုကြည်တို့ကိုလည်း ဖြေရှင်းဖို့ အခွင့်ရေးပေးရမယ်။ လုပ်ကြည့်ဖို့တောင်းဆိုရမှာပဲ။
မေး ။ ။ ဦးသိန်းစိန်အစိုးရ သက်တမ်းငါးလနဲ့ အခု အစိုးရ သက်တမ်းငါးလကို ယှဉ်ကြည့်မယ်ဆိုရင် ဘာတွေအပြောင်း အလဲရှိမလဲ။ ဘာတွေ မတူတာရှိမလဲ။
ဖြေ ။ ။ အခု ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာက လူတွေက မျှော်လင့်ချက် အရမ်းများတယ်။ များတဲ့အတွက် သူ့မှာ ဖိအားပိုများတယ်။ ကျနော်တို့တုန်းကတော့ တက်လာစဉ်ကတည်းက ဘယ်သူကမှ မယုံဘူးလေ၊ အပြောင်းအလဲ လုပ်မယ်လို့ မထင်တဲ့သူတွေက အပြောင်းအလဲလုပ်ခဲ့တော့ ဖိအား သိပ်မရှိခဲ့ဘူး။ ဒါက ကွာခြားချက်တခု။
နောက်တခုကတော့ လက်တွေ့အကောင်အထည်ဖော်တဲ့ ဝန်ကြီးတွေမှာတော့ နည်းနည်းစကားပြောတယ်ထင်တယ်။ ပြီးခဲ့တဲ့ အစိုးရရဲ့ ငါးလသက်တမ်းအတွင်းမှာတော့ စီးပွားရေးနဲ့ပတ်သက်တဲ့ ဖိုရမ်တွေ အများကြီးလုပ်နိုင်ခဲ့တယ်။ နိုင်ငံ တကာ လုပ်ဖော်ကိုင်ဖက်တွေပေါင်းပြီး အဲဒီတုန်းက သြဂုတ်လမှာ “Nay Pyi Daw Accord” ဆိုတာ တခုထွက်လာခဲ့တယ်။ စီးပွားရေးဖွံဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ပေါ့။ ဒါမျိုးတော့ ထွက်လာတယ်။ အခု ဒါမျိုး ထွက်မလာနိုင်သေးဘူး၊
စီးပွားရေးပေါ်လစီတွေ ထွက်လာပေမယ့် ယေဘုယျဆန်တယ်လို့တော့ မြင်တယ်။ ဒုတိယအချက် အခု ဝန်ကြီးဌာနတွေ အကောင်ထည်ဖော်ရာမှာတော့ အခက်ခဲရှိတယ်။ ဝန်ကြီးဌာနတွေ လုပ်ကိုင်နိုင်မှု မဝံ့မရဲဖြစ်လို့လားမသိဖူး၊ အဲဒီဘက်မှာ အားနည်းချက်ရှိတယ်။ အခုဆို နိုင်ငံတကာအဖွဲ့အစည်းတွေ တော်တော်များများက ဒီအစိုးရကို ကူညီချင်ကြတာပဲ။ အဲဒီ အပိုင်းမှာ လိုအပ်ချက်ရှိနေတယ်လု့ိ မြင်တယ်။
ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဦးသိန်းစိန်တက်ပြီး မကြာခင် ကေအိုင်အေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်တယ်။ သြဂုတ်လကျ မှပဲ အဲဒီကိစ္စတွေ စနိုင်တယ်။ အဲဒီတော့ အခုအစိုးရကတော့ ငြိမ်းချမ်းရေးမှာ ပိုပြီးတော့ အခြေအနေကောင်းတယ်လို့ ပြော လို့ရတယ်။ NCA လည်းရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သြဇာအာဏာလည်း ရှိတဲ့အတွက်ကြောင့် တာထွက်ကောင်း တယ်လို့ မြင်တယ်။
အစိုးရတရပ်ဆိုတာကတော့ ရှေ့အစိုးရရဲ့ ကောင်းမွေဆိုးမွေကို လက်ခံရတာပဲ။ ကျနော်တို့လည်း စစ်အစိုးရတပိုင်းလို့ ပြောကြပေမယ့် အဲဒီအရင်အစိုးရလက်ထက်က အမွေကို ဆက်ခံရတာပဲ။ ပါလာခဲ့တာတွေကို ရှင်းထုတ်ရတာပဲ။ ကြိုက် သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ လက်ခံရတာပဲ၊ အဲဒီပြဿနာတွေကို ဘယ်လို မြန်မြန်ဖြေရှင်းနိုင်မယ်ဆိုတာကိုပဲ ပြည် သူက ဆုံးဖြတ်ရမှာပါပဲ။ ဒါကြောင့် အရမ်းကြီး ဆင်ခြေပေးတာတော့ သိပ်မကောင်းဘူးလို့ ထင်တယ်။
မေး ။ ။ ကိုယ်တိုင်လည်း ပြန်ကြားရေးဝန်ကြီးလုပ်ခဲ့တော့ အဲဒီကာလမှာ မှားပြီးဆုံးဖြတ်ခဲ့တဲ့ ကိစ္စတွေရှိခဲ့မယ် ဆိုရင် ပြောပြပါဦး။
ဖြေ ။ ။ အမှားကို ပြောရရင် မီဒီယာကို ဖွင့်ပေးရမယ်ဆိုတာ အစောကြီးကတည်းက သိခဲ့တယ်။ ဒါပေမယ့် ၂၀၀၈ က တည်းက ဖြည်းဖြည်းချင်းလုပ်ခဲ့ရင် ပိုပြီးတော့ ကောင်းမှာပေါ့။ ဒါပေမယ့် ၂၀၁၂ ကျမှ ဆင်ဆာ ရုပ်သိမ်းတော့၊ နှစ်ဖက် လုံးက အသင့်မဖြစ်တော့ ပြဿနာတွေ ဖြစ်တာပေါ့။ လုပ်ပိုင်ခွင့်ရှိကတည်းက လုပ်ခဲ့ရင် ပိုကောင်းတာပေါ့။
ဒုတိယအမှားမှာ ကျနော်တို့လည်း တာဝန်ရှိခဲ့တယ်။ စာနယ်ဇင်းကောင်စီ(ယာယီ)ထွက်ခဲ့တဲ့ အချိန်မှာ လုံလောက်တဲ့ တိုင် ပင်မှုတွေမလုပ်ခဲ့တော့၊ စာနယ်ဇင်းကောင်စီအပေါ်မှာ ဒီလောကသားတွေ ပူးပေါင်းဆောင်ရွက်မှု နည်းခဲ့တာပေါ့။
တတိယအချက်ကတော့ အများပြည်သူ ဝန်ဆောင်မှုမီဒီယာကို ပြည်သူတွေ နားလည်အောင် မလုပ်နိုင်ခဲ့တော့ အခုထက် ထိ မြန်မာ့အသံ၊ သတင်းစာတွေက နိုင်ငံပိုင်တွေပဲ ဖြစ်နေတုန်းပဲ။
ဒီသုံးခုကတော့ ဌာနရဲ့အားနည်းချက်ပေါ့။ ကျနော့်အားနည်းချက်ကတော့ တချို့နေရာတွေမှာ လက်တွန့်ခဲ့တာတွေရှိတယ်။ ရဲရဲဝင့်ဝင့် လူကြီးတွေကို တင်ပြနိုင်ရင် မီဒီယာဆက်ဆံရေးက ဒီထက်ပိုကောင်းလာနိုင်မှာ။ သတင်းစာတွေ ပြောင်းရာမှာ လည်း လိုအပ်ခဲ့တယ်လို့ ထင်ခဲ့တယ်။
မေး ။ ။ ရုပ်သံမီဒီယာတွေကို ခွင့်ပြုလုပ်ပေးခဲ့တဲ့အပေါ်မှာ ဝေဖန်ခံရတာတွေ ခုထိ ရှိနေဆဲပဲ၊ တချို့ ရုပ်သံမီဒီယာကြီး တွေက အခွင့်ထူးရတယ်လို့ ဝေဖန်ပြောတဲ့ အပေါ်မှာကော ဘာပြောစရာရှိပါသလဲ။
ဖြေ ။ ။ အဓိကကတော့ ရုပ်သံမီဒီယာတွေကို လူပိုကြည့်အောင် အဲဒီအချိန်မှာ စလုပ်နေပြီ။ အဲဒီတုန်းက စီးပွားရေးနဲ့ရွေး တာ မရွေးတာထက်၊ အဲဒီအစိုးရလက်ထက်က ရုပ်သံမီဒီယာလုပ်ပိုင်ခွင့်ကို ပေးလိုက်မယ်ဆိုရင် အရမ်းရုန်းထွက်မသွား မယ့်သူမျိုး၊ ကိုယ့်စကားနားထောင်မယ့်သူမျိုးကို ရွေးပြီးတော့ ပေးခဲ့ရတာ။ နည်းပညာပိုင်း၊ စီးပွားရေးပိုင်းမှာ အတတ်နိုင် ဆုံးတော့ နိုင်ငံတော် မနစ်နာရအောင် လုပ်ခဲ့တာမျိုးပေါ့။
တချို့ကပြောတယ် အခွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတာမျိုး၊ တကယ်က သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကို ကြည့် ပြီး ပေးရတာ။ အခုလည်း ဒီအတိုင်းစာချုပ်တွေနဲ့ သွားနေတာပဲ။ ရုပ်သံဥပဒေက အတည်ပြုပြီးသွားတဲ့အချိန် အစိုးရသစ်ကို ကျနော်တို့က ပြောပြတယ်။ ကောင်စီအသစ်ဖွဲ့ပြီး လတ်တလောဖြေရှင်းမလား၊ နောက်မှ အချိန်ယူပြီး ပြင်မလားပေါ့၊ ဦးဖေ မြင့်တို့က ပြင်မယ့်လမ်း ရွေးလိုက်တယ်။ ဆိုလိုတာက အချိန်ပိုယူလေ၊ အခု Forever တို့ ရွှေသံလွင်တို့က ပရိတ်သတ် ပိုရ လေပေါ့။
မေး ။ ။ အခုဆိုရင် ကြံ့ခိုင်ရေးပါတီမှာ ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲဖြစ်တယ်။ အရင်လူဟောင်းတွေက နာ ယကတွေ အဖြစ်ပဲပါတော့တယ်။ ဒါပေမယ့် နောက်ပိုင်းကနေ ရှိနေဦးမယ်။ အခု ထိပ်ပိုင်းဆိုင်ရာအပြောင်းအလဲက ပါတီရဲ့ တကယ့်အပြောင်းအလဲလို့ ပြောလို့ရပါ့မလား။
ဖြေ ။ ။ နှစ်ပိုင်း ပြောလို့ရပါတယ်။တပိုင်းက တကယ် သွေးသစ်လောင်းချင်တဲ့စိတ်နဲ့ ပြောင်းခဲ့တာ။ နောက်တခုက လူလဲ ရုံနဲ့တင်မဟုတ်ဘဲ အတွေးအခေါ်တွေ၊ လုပ်ပုံလုပ်နည်းတွေပါ ပြောင်းရမယ်။ အခုက လူတော့ လဲပြီးပြီ၊ အတွေးခေါ်နဲ့ လုပ် ပုံလုပ်နည်း ဘယ်လောက်ပြောင်းလဲနိုင်မလဲ စောင့်ကြည့်ရမယ်။ အဓိကက အရင်ကတည်းက အတွေ့အကြုံနဲ့ပဲ အလုပ် လုပ်နေတာ များတယ်။ ဒါက ဦးသိန်းစိန်အစိုးရတင် မဟုတ်ဘူး။ အခု အစိုးရလည်း အတူတူပဲ။
ဥပမာ ၂၁ရာစု ပင်လုံညီလာခံလုပ်တယ်။ ဒါပေမယ့် ညီလာခံလုပ်တာကို ကြည့်ရင် လမ်းစဉ်ပါတီခေတ်က၊ နဝတခေတ်နဲ့ ကျနော်တို့ခေတ်က ပုံစံအတိုင်းပဲ၊ သီချင်းလွှင့်မယ်။ ပိုစတာဆိုင်းဘုတ် ထောင်မယ်။ လူထုဖိတ်ပြီး အစည်းအဝေးတွေလုပ် မယ်။ ခေါက်ရိုးကျိုးနေတာပေါ့။ အဲဒီ ခေါက်ရိုးကျိုးနေတာကို ပြင်နိုင်ဖို့လိုမယ်။ ဒါကြောင့် ဖောက်ထွက်ပြီး တွေးနိုင်ဖို့လို မယ်။