ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ နဝဒေးဥယျာဉ်အိမ်ရာရှေ့တွင် မသင်္ကာဖွယ်ရာ လူ ၄ ဦး တွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးစဉ် ထိုလူ ၄ ဦးထဲမှ ၁ ဦးက ထိုးလိုက်သည့် ဓားချက်ဖြင့် ဒုတပ်ကြပ်အဆင့်ရှိ နယ်ထိန်းတဦး သေဆုံးသွားကြောင်း လှိုင်သာယာမြို့နယ် မြို့မရဲစခန်းက အတည်ပြု ပြောဆိုသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၀၀း၂၀ အချိန်ခန့်က လှိုင်သာယာမြို့နယ်အတွင်း သေဆုံးသူ နယ်ထိန်း ဒုတပ်ကြပ်ရဲသီဟ အပါအဝင် အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖများ ကင်းလှည့်လည် စစ်ဆေးနေစဉ် နဝဒေးဥယျာဉ် အိမ်ရာရှေ့အရောက်၌ မသင်္ကာစရာလူ ၄ ဦးကို တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ ထိုမသင်္ကာစရာ လူ ၄ ဦးထဲမှ ၁ ဦးက အသင့်ယူဆောင်လာသည့် ဓားဖြင့် နယ်ထိန်း၏ ဝဲဘက်ရင်အုံကို တချက်ထိုးသွင်းပြီး ထွက်ပြေးသွားကြောင်း လှိုင်သာယာမြို့နယ် မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ရန်နိုင်လင်းက ပြောသည်။
ဒုရဲအုပ်ရန်နိုင်လင်းက “သူတို့ပြောတာကတော့ ကေတီဗွီကို လာကြတယ်လို့ ပြောတယ်။ ကေတီဗွီမှာ အခန်းမအားလို့ အပြင်ထွက်ပြီး ပြန်ဖို့လုပ်ရင်းနဲ့ အခုလိုဖြစ်တာလို့ ပြောတယ်။ ကျနော်တို့ ဆက်လက်စစ်ဆေးနေဆဲပါ။ ဓားထိုးခံရတဲ့ နယ်ထိန်းကတော့ အင်းစိန်ဆေရုံးမှာ သေဆုံးသွားပြီလို့ သတင်းရပါတယ်”ဟု ဧရာဝတီကို ပြောသည်။
“သူတို့ ထွက်ပြေးတယ်။ အဲဒါနဲ့ လူအင်အားနဲ့ ချက်ချင်းလိုက်ဖမ်းကြတော့ သူတို့ ၄ ဦးစလုံးကို မတူတဲ့ နေရာတွေကနေ ပြန်ဖမ်းမိတယ်။ နောက်ဆုံး ၁ ယောက်ကို မနက်ငါးနာရီလောက်မှာ ဖမ်းမိတယ်” ဟု ၎င်းက ဆိုသည်။
ထွက်ပြေးသွားသည့် လူ ၄ ဦးထဲမှ ၃ ဦးကို နဝဒေးဥယျာဉ် အိမ်ရာဝင်းအတွင်း နံနက် ၃ နာရီခန့်တွင် ပြန်လည် ဖမ်းဆီးမိခဲ့ပြီး၊ ကျန် ၁ ဦးကို အခင်းဖြစ်ပွားရာ နေရာအနီးရှိ ပန်းခြံအတွင်းမှ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသူ ၄ ဦးကို လှိုင်သာယာမြို့မ ရဲစခန်းက ပုဒ်မ (ပ) ၁၉၁၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/၁၁၄ မှ ၃၀၂/၁၁၄ ဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဒုရဲအုပ်ရန်နိုင်လင်းက ပြောသည်။