သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ လွှတ်တော်အမတ်များက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခွင့်ရရန် ဆောင်ရွက်နေကြောင်း ပြောဆိုသည်။
SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က “ဆောင်ရွက်သွားဖို့ ရှိတယ်။ ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်မှာက မေးခွန်းအသစ်မေးလို့ မရတော့ဘူး။ တတိယအကြိမ် ပြန်ခေါ်တော့မှ မေးပါဆိုပြီး မနေ့ကပဲ စာထုတ်ထားတယ်။ အဲဒီတော့ ကြယ်ပွင့်မပြမေးခွန်း အရေးတကြီး မေးလို့ရတဲ့ အနေအထား မရှိတော့ဘူး။ နောက်တခါ ပြန်စတော့မှပဲ မေးဖြစ်တော့မယ် ” ဟု ဧရာဝတီကို ပြောသည်။
နေပြည်တော်၌ လက်ရှိပြုလုပ်နေသည့် ဒုတိယပုံမှန်အစည်းအဝေးတွင် အစီအစဉ်အားလုံး ပြည့်နေသည့်အတွက် ထပ်တိုးမေးခွန်းများ တင်မရတော့သဖြင့် တတိယအကြိမ် အစည်းအဝေး၌သာ တင်ပြဆွေးနွေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဦးစိုင်းလိတ်က ဆက်ပြောသည်။
စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည့် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် တတိယပုံမှန်အစည်းဝေး၏ ဒုတိယနေ့တွင် SNLD မှ ပြည်နယ်လွှတ်တော်အမတ် နန်းခင်ထားရီက သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်း ၆ ခုနှင့် ပတ်သက်သည့် မေးခွန်းကို မေးမြန်းခဲ့ကြောင်း သိရသည်။
ထိုမေးခွန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ် စီမံကိန်းများ ဖော်ဆောင်ရာတွင် ရှမ်းပြည်နယ်အစုုိးရအနေဖြင့် ၃၀ မဂ္ဂါ၀ပ် အောက်ကိုသာ စီမံခန့်ခွဲခွင့်ရှိပြီး ၃၀ မဂ္ဂါ၀ပ် အထက် ရေအားလျှပ်စစ် စီမံကိန်းများသည် ကြီးမားသည့် စီမံကိန်းများဖြစ်သည့်အတွက် ပြည်ထောင်စု အစိုးရကသာ စီမံခန့်ခွဲခွင့်ရှိရာ ပြည်ထောင်စုလွှတ်တော်၌သာ မေးမြန်းသင့်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ၎င်းက ဆိုသည်။
ထိုသို့ပြောဆိုမှုနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်အမတ် နန်းခင်ထားရီက “သူတို့ဖြေကြားမှုအပေါ် စိတ်ကျေနပ်မှု ဘယ်ရှိမလဲ။ ဒါပေမယ့် သူတို့မှ မဖြေနိုင်တာ။ ပြည်နယ်လွှတ်တော်အတွက်တော့ ဒီလောက်ပဲပေါ့။ ကျမတို့ SNLD ပါတီကနေ ပြည်ထောင်စုအဆင့် ဆက်ပြီးလုပ်သွားဖို့ ရှိပါတယ်” ဟု ပြောသည်။
သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်းများနှင့် ပတ်သက်ပြီး ရှမ်းနိုင်ငံရေး ပါတီများ၊ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) က သဘောထား ကြေညာချက် ထုတ်ပြန်ကန့်ကွက်သကဲ့သို့ သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက်က အစိုးရအား သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်းကို ကန့်ကွက်ကြောင်းနှင့် ရေကာတာစီမံကိန်း ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။
ရှမ်းပြည်နယ်၊ သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက်မှ နန်းခမ်းနောင့်က “ရှမ်းပြည်နယ်မှာ ရေကာတာ တည်ဆောက်ဖို့ ၂၀၁၇ ထဲမှာလုပ်ဖို့ ရှိတယ်။ ကျမတို့ ရှမ်းပြည်ဘက်က ဆက်ပြီးကန့်ကွက်သွားမှာပါ။ ကန့်ကွက်ဖို့ တိုင်းရင်းသားတွေပေါင်းပြီး လုပ်သွားမယ်” ဟု ပြောသည်။
သံလွင်မြစ်ပေါ်တွင် ဆည်တည်ဆောက်မှု စီမံကိန်း အများဆုံး လုပ်ကိုင်ခွင့်ရသည့် နိုင်ငံခြားကုမ္ပဏီများသည် တရုတ်နိုင်ငံမှ ဖြစ်ပြီး ပြည်တွင်းမှ အေးရှားဝေါလ်၊ ရွှေတောင်၊ IGE ကုမ္ပဏီတို့က အများဆုံး လုပ်ကိုင်ခွင့် ရရှိထားသည်။ သို့သော် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက လုပ်ကိုင်ခွင့်ပြုသည့် အချက်နှင့် ကုမ္ပဏီ ရွေးချယ်မှုစံနှုန်းများကို အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပေ။