မြိုင်ကြီးငူနှင့် မဲသဝေါ ဒေသမှာ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသော အစိုးရတပ်မတော်စစ်ကြောင်းနှင့် ကရင် နယ်ခြားစောင့် တပ် (BGF) တို့ကို တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က ဆွဲမိုုင်းဖြင့် ခြုံခို တိုက်ခိုက်မှုများ ရှိနေကြောင်း သတင်းရရှိသည်။
DKBA ပြောက်ကျားတပ်များက စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက မဲသဝေါဒေသရှိ ထီးခနဲ့ထ ကျေးရွာအနီးတွင် BGF တပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော ကားတစီးအား ဆွဲမိုင်းဖြင့်ခြုံခိုတိုက်ခိုက်ခဲ့ပြီး ထူးဝါးကုန်းအနီးတွင်လည်း တပ်မတော် စစ်ကြောင်းအား ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း DKBA ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး စောရဲထက် ကပြောသည်။
ဗိုလ်ကြီး စောရဲထက် က “BGF စီးလာတဲ့ကားက Vigo လိုအမျိုးအစားပါ။ ထီးကနဲ့ထ နားအရောက်မှာ ကျနော်တို့ အဖွဲ့တွေက ဆွဲမိုင်းနဲ့ ခြုံခို တိုက်ခိုက်ခဲ့တာပါ။ ကားကတော့ မှောက်သွားပါတယ်။ ကျနော်တို့က ပစ်ပြီးပြေးတာဆိုတော့ အသေအပျောက် အတိအကျတော့ မသိရပေမယ့်။ ကားတစီးလုံး လွင့်ပြီးမှောက်သွားတဲ့အတွက် ဒဏ်ရာနဲ့ အသေအပျောက်ရှိနိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
BGF တပ်ဖွဲ့ဝင်များစီးနင်းလိုက်ပါလာသောကားကို DKBA တပ်ဖွဲ့ဝင်များ၏ ခြုံခိုတိုက်ခိုက်ခြင်းခံလိုက်ရသည်မှာ မှန်သော်လည်း သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း BGF အဖွဲ့၏ အမှတ် (၃) တပ်နယ် ကွပ်ကဲရေး အရာရှိ ဗိုလ်မှူး နိုင်မောင်ဇော် က ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူး နိုင်မောင်ဇော် က “သူတို့က ခြုံခိုပြီး မိုင်းနဲ့တိုက်တာပါ။ ဒီတိုက်ခိုက်မှုမှာ ကျနော်တို့ဘက်က ထိခိုက်ကျဆုံးမှုမရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အတူ ယနေ့တရက်တည်းတွင်ပင် မယ်သဝေါဒေသအတွင်း စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသော တပ်မတော်စစ်ကြောင်း တကြောင်းအား ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း DKBA ဘက်က အတည်ပြုပြောဆိုခဲ့သော်လည်း တပ်မတော်ဘက်က အတည်ပြု ချက်မရရှိပါ။
မဲသဝေါဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများထဲတွင် DKBA အဖွဲ့၏ အရေးပါသော ခေါင်းဆောင်တဦးဖြစ်သည့် ဗိုလ်မှူးကြီး စောဆန်းအောင် ဒဏ်ရာရရှိပြီး ထိုဒဏ်ရာကြောင့်ပင် ဆေးရုံတွင်ဆုံးသွားပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ထိုသတင်းများသည် မှန်ကန်မှု မရှိကြောင်း DKBA ဘက်က ငြင်းဆိုသည်။