ဒီတပတ်မှာတော့ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ့် “Fast and Furious 7” ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်းဖြစ်တဲ့ “See You Again” သီချင်းနဲ့ လူသိများလာခဲ့ပြီး Pop၊ R&B အဆိုတော် Charlie Puth ရဲ့ တေးသီချင်းတွေနဲ့ မိတ်ဆက်ပြောပြပေးချင်ပါတယ်။ အသက် ၂၅ နှစ်အရွယ် Charlie Puth ဟာ လူငယ် ပရိသတ်တွေကြားမှာ လောလောလတ်လတ် ရေပန်းစားနေတဲ့ တက်သစ်စအဆိုတော်တဦး လည်းဖြစ်ပါတယ်။ သူသီဆိုထားတဲ့ တေးသီချင်းတွေကို နားဆင်ခံစားနိုင်စေဖို့နဲ့ သူ့အကြောင်းတချို့့ကို သိရှိနိုင်စေဖို့ ရေးသား ဖောြ်ပလိုက်ပါတယ်။
Charlie Puth ဟာ ၁၉၉၁ ခုနှစ်မှာမွေးဖွားခဲ့တဲ့ အမေရိကန် နိုင်ငံသားတစ်ယောက်ဖြစ်ပြီး အဆိုတော် တဖြစ်လဲ သီချင်းရေးဆရာတဦးလည်းဖြစ်ပါတယ်။ Meghan Trainer နဲ့ တွဲဖက်သီဆိုထားတဲ့ “Marvin Gaye” သီချင်းနဲ့ စတင်အသိအမှတ်ပြုခံလာခဲ့ရပြီး အဲဒီသီချင်းနဲ့ပဲ အမေရိကန်နိုင်ငံရဲ့ Billboard Hot 100 မှာလည်း နံပါတ် ၂၁ နေရာချိတ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ Puth နဲ့ Wiz Khalifa တို့ အတူတူ ရေးသားသီဆိုထားတဲ့ “See You Again” သီချင်းဟာ လည်း အမေရိကန်နိုင်ငံရဲ့ Billboard စာရင်းမှာ နံပါတ် ၁ နေရာကို ရရှိခဲ့ပါတယ်။
လက်တလောမှာ စင်ကာပူနိုင်ငံသား အဆိုတော် Kygo နဲ့ တွဲဖက်သီဆိုထားတဲ့ “Carry on for you” သီချင်းမှာ Puth ရဲ့ အသံပါ၀ါအမြင့်နဲ့ သီဆိုထားတဲ့သီချင်းကိုလည်း Kygo က အမြည်းသဘောအနေနဲ့ ပရိ်သတ်ကို ချပြထားပါသေးတယ်။
ဆက်လက်ပြီးတော့ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာ ထွက်ရှိထားတဲ့ သူ့ရဲ့ ပထမဆုံး တေးစီးရီးခွေ “Nine Track Mind” ထဲက သီချင်းကောင်းလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။
(၁) One Call Away
ဒီ သီချင်းဟာဆိုရင် ၂၀၁၆ခုနှစ်၊ သြဂုတ်လမှာ ထွက်ရှိခဲ့တာဖြစ်ပြီး “Nine Track Mind” အယ်လ်ဘမ်ထဲက သီချင်းတပုဒ်ပါ။ Billboard Hot 100 မှာ နံပါတ် ၁၂ အထိရောက်ခဲ့တဲ့ Pop- Soul သီချင်း တပုဒ်လို့ ဆိုနိုင် ပါတယ်။ ကိုယ်ချစ်ရတဲ့ သူနဲ့ အချိန်အကြာကြီးမတွေ့ရတဲ့သူတွေ နေ့တိုင်းမတွေ့ရတဲ့သူတွေ ကိုယ်စား ခံစားပြီး သီဆိုထားတဲ့ အချစ်သီချင်းတပုဒ်လည်း ဖြစ်ပါတယ်။
(၂) We don’t talk anymore
နောက်ထပ်တစ်ပုဒ်ကတော့ Selena Gomez နဲ့ အတူတူတွဲဖက် သီဆိုထားတဲ့ “We don’t talk anymore” ပါ။ Billboard 100 မှာ နံပါတ် ၁၀ ထိ အဆင့်ချိတ်ခဲ့ပြီး ခပ်မြူးမြူးစတိုင် Tropical House သီချင်းအမျိုးအစား တပုဒ်လည်း ဖြစ်ပါတယ်။ Gomez နဲ့ MTV Video Music Award မှာ စတင်သိရှိခဲ့ပြီး သူတို့ ၂ ယောက်ရဲ့ အသံက လိုက်ဖက်ညီတယ်လို့ တွေးမိခဲ့လို့ သီချင်းရဲ့ ဒုတိယအပိုဒ်မှာ သီဆိုဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သီချင်းရဲ့ အဓိကအကြောင်းအရာက ချစ်သူနှစ်ဦး အေးအေးဆေးဆေး လမ်းခွဲခဲ့ပြီး တယောက်ကို တယောက် အကြောင်းတိုက်ဆိုင်လာရင် သတိရမိတဲ့အကြောင်းကို ခပ်မြူးမြူးလေး ရေးစပ်သီဆိုထားတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။
(၃) Dangerously
အခုလောလောဆယ်မှာတော့ Audio အနေနဲ့ပဲထွက်ရှိသေးတဲ့ R&B သီချင်းအမျိုးအစား တပုဒ်ပါ။ အဆိုတော် Bruno Mars ရဲ့ သီချင်း “Grenade” နဲ့ ပုံစံအမျိုးအစားဆင်တူပြီး တယောက်ယောက်ကို ရူးရူးမူးမူးချစ်နေမိတဲ့ အကြောင်းကို ရေးဖွဲ့ထားပါတယ်။
ဒီတစ်ပတ်မှာတော့ လူငယ်ပရိသတ်တွေကြားမှာ လောလောလတ်လတ် ရေပန်းစားနေတဲ့ တက်သစ်စ အဆိုတော် Charlie Puth ရဲ့ သီချင်းတွေ နားဆင်ခံစားဖို့ သူ့ အကြောင်းတချို့ကို ရေးသား ဖော်ပြပေး လိုက်ပါတယ်။
Ref: wiki, hitthefloor.com